ပတ္တမြားစက်မှုဇုန် လုပ်သား ၁၂၀ စစ်ကိုင်းမှ နေပြည်တော်ထိ လမ်းလျောက် ဆန္ဒပြ

ပတ္တမြားစက်မှုဇုန် လုပ်သား ၁၂၀ စစ်ကိုင်းမှ နေပြည်တော်ထိ လမ်းလျောက် ဆန္ဒပြ

စစ်ကိုင်း၊ ဧပြီ ၂၉ ။                ။ စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veneer & Plywood Privated Ltd မှ အလုပ်သား ၁၂၀ ဦးတို့သည် အလုပ်ရှင်၊အလုပ်သမားအငြင်းပွားနေမှုကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြေလည်မှု ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ဧပြီလ ၂၉ ရက်၊ နံနက် ၈ နာရီက စစ်ကိုင်းမြို့မှစတင်၍ နေပြည်တော်အထိ ချီတက်တောင်းဆိုခဲ့ကြောင်း ဦးဆောင်သူ ကိုခိုင်မင်းကဆိုသည်။

"အလုပ်ရှင်ဘက်က ဖိနှိပ်မှုတွေအမျိုးမျိုးလုပ်တဲ့အပြင် စာချုပ်ပါအချက်တွေကို ချိုးဖောက်တယ်။ ပြေလည်အောင် ညှိနှိုင်းမှုမလုပ်ဘူး။ အမျိုးမျိုးတောင်းဆိုတယ်။ သက်ဆိုင်ရာအဖွဲ့တွေကိုလည်း ညှိနှိုင်းပေး ဖို့ပြောတယ်။ ဘာမှလုပ်မပေးကြဘူး။ဒါကြောင့် ဒီနေ့ နေပြည်တော်အထိ ချီတက်တောင်းဆိုတာပဲ။ တားလည်းရအောင်ဖောက်ထွက်မယ်။"ဟုပြောသည်။

ဆက်လက်၍ ကိုခိုင်မင်းမှ "စက်ရုံမန်နေဂျာနဲ့ အုပ်ချုပ်သူတွေက အိန္ဒိယသားတွေ သူ့စကားလည်းနားမလည်ဘူး။ကျွန်တော်တို့စကားလည်းနားမလည်ဘူး ဖြစ်နေတော့ လုပ်ရတာအဆင်မပြေဘူး။ မန်နေဂျာကတော့ ဗမာစကားတတ်တယ်။ကျွန်တော်တို့က စာချုပ်ထဲက ရပိုင်ခွင့်တွေပေးဖို့ သွားပြောတာလည်း လက်မခံဘူး။ ပိုဆိုးတာက အပြစ်မရှိဘဲ အလုပ်သမား ၃၀ကို ထုတ်လိုက်တာပဲ။ ဒါကြောင့် အခုလိုနေပြည်တော်အထိ ချီတက်တောင်းဆိုရတာပဲ။" ဟုပြောသည်။

အလုပ်ရှင်ဘက်မှ စာချုပ်ပါအချက်များကို ချိုးဖောက်ပြီး အလုပ်သမားများကို အမျိုးမျိုးဖိနှိပ်မှုများပြုလုပ်သဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်မှစတင်၍ အလုပ်သမားများက စက်ရုံအတွင်းတွင် သပိတ်စခန်း ဖွင့်တောင်းဆိုခဲ့သည်။ ဧပြီလ ၆ ရက်ကလည်း စစ်ကိုင်းမြို့ပေါ်တက် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့သေးသည်။

ချီတက်ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်အလုပ်သမားစာချုပ်ပါ သဘောတူအခွင့်အရေးရရှိရေး၊ နိုင်ငံသား တိုက်ရိုက်အုပ်ချုပ်ခွင့်ပေးရေး၊ အလုပ်ရှင်အလုပ်သမား ခွဲခြားဆက်ဆံမှုမရှိရေး၊ စက်ရုံအတွင်း ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပေးရေး၊ ဖယ်ရီကားစီစဉ်ပေးရေး၊ အလုပ်ထုတ်ပယ်ခံထားရသော အလုပ်သမားများအား အလုပ်ပြန်လည်ခံထားရေးတို့ တောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required