အစ္စရေးသံရုံး၏ အစီအစဉ်ဖြင့် မြန်မာ့မွေးမြူရေး နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ တာဝန်ရှိသူများ ဗီယက်နမ်သို့ လေ့လာရေး သွားရောက်

အစ္စရေးသံရုံး၏ အစီအစဉ်ဖြင့် မြန်မာ့မွေးမြူရေး နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ တာဝန်ရှိသူများ ဗီယက်နမ်သို့ လေ့လာရေး သွားရောက်

ရန်ကုန်၊ ဧပြီ၊ ၂၈ ။           ။ မြန်မာ့မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံး၏ ဖိတ်ကြားမှုဖြင့် ဗီယက်နမ်နိုင်ငံသို့   လေ့လာရေးခရီးစဉ် တစ်ရပ်သွားရောက်ခဲ့ကြောင်း အစ္စရေးသံရုံးက ယနေ့ထုတ်ပြန်သည့် သတင်းကြေညာချက်အရ သိရသည်။

မြန်မာ့မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမြဟန်နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းနယ်ပယ်မှ အကြီးတန်းအဖွဲ့ဝင် ၇ ဦးပါဝင်သော ယင်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးနှင့်အတူ ဟိုချီမင်းမြို့အနီးရှိ အစ္စရေးနိုင်ငံကကြီးကြပ်လည်ပတ်လျှက်ရှိသော နို့စားနွားမွေးမြုရေးခြံတစ်ခုကို ယခုတစ်ပတ်အတွင်းတွင် သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါမွေးမြူရေးခြံကို အစ္စရေးနိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MASHAV နှင့် ဟိုချီမင်းပြည်နယ် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယင်းမွေးမြူရေးခြံ၏ တည်ဆောက်ထားပုံ၊ နို့ထုတ်လုပ်မှုလုပ်ငန်းစဉ် တို့ကိုလေ့လာခဲ့ပြီး ယင်းခြံ၏ မန်နေဂျာက အစ္စရေးနို့ထွက်ပစ္စည်းထုတ်လုပ်ရေးကဏ္ဍ၏ မူဝါဒများ နှင့် နည်းပညာတို့ကို အသေးစိတ်ရှင်းလင်း ပြသခဲ့သည်။

ထိုကဲ့သို့ ရှင်းလင်းဆွေးနွေးရာတွင် နို့ထွက်နှုန်းတိုးတက်ရေးအတွက် မှန်ကန်သည့် စီမံခန့်ခွဲပုံ၊ နွားများ၏ ကျန်းမာရေး နှင့် အဟာရတို့အတွက် နည်းလမ်းမှန်သောစောင့်ရှောက်မှုတို့က အရေးကြီးပုံတို့ကို  အဆိုပါမန်နေဂျာက အလေးပေး ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly