ပြည်သူ့အသုံးစရိတ်အပေါ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ ထုတ်ပြန်

ပြည်သူ့အသုံးစရိတ်အပေါ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ ထုတ်ပြန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီလ ၂၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာပြည်သူတို့၏ လူနေမှုအဆင့်အတန်းများကို မြှင့်တင်နိုင်ရန်အတွက် ပြည်သူ့အသုံးစရိတ်များကို လူမှုရေးကဏ္ဍများတွင် တိုးမြှင့်သုံးစွဲရန် အဓိကလိုအပ်သည်ဟု ကမ္ဘာ့ဘဏ်အုပ်စုနှင့် မြန်ာအစိုးရတို့ ပူးတွဲကာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။

၂၀၀၉ခုနှစ်နှင့် ၂၀၁၃ခုနှစ်အတွင်း အစိုးရ၏ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှု မူဝါဒများကို လေ့လာသုံးသပ်ထားသည့် "မြန်မာနိုင်ငံ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ" အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့ ပူးတွဲကာ နေပြည်တော်တွင် ၂၀၁၆ခုနှစ်၊ ဧပြီလ ၂၇ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ၂၀၁၁ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဘတ်ဂျက်နှင့် မူဝါဒများတွင် အခြေခံကျသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ အဓိကကျသည့် ပြည်သူ့ဝန်ဆောင်မှုများ တိုးမြှင့် ပေးအပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်မတိုင်ခင်က ဆယ်စုနှစ်များစွာတွင် အစိုးရက အသုံးစရိတ်အနည်းငယ်သာ သုံးစွဲမှုကြောင့် ပညာရေးနှင့် ကျန်းမာရေးတွင် ရလဒ်များ ကျဆင်းခဲ့ရကြောင်း ဖော်ပြထားသည်။

၂၀၁၂ခုနှစ် မတိုင်ခင်ကာလများတွင် အစိုးရက ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်များကို အနည်းငယ်သာ သုံးစွဲမှုကြောင့် "ရန်ကုန်မြို့တွင် ဒုတိယတန်းကျောင်းသားများ၏ ၉ရာခိုင်နှုန်းသည် စာလုံး တစ်လုံးကိုပင် မဖတ်နိုင်ပါ" ဟု အစီရင်ခံစာတွင် ဆိုထားသည်။

ကျန်းမာရေးကဏ္ဍတွင်မူ ၂၀၁၂ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးအတွက် အစိုးရအသုံးစရိတ်မှာ လူတစ်ဦးချင်းစီအတွက် ၁ဒဿမ ၆ ဒေါ်လာမျှသာ ရှိသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

သို့သော် မူဝါဒပြုပြင်ပြောင်းလဲမှုများကြောင့် ၂၀၁၂၊ ၂၀၁၃ခုနှစ်ကစပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ရလဒ်များ တိုးတက်လာသည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags