ပဏာမ ယူ-၁၉ လူစာရင်းတွင် ၂၀၁၅ အာရှ ယူ-၁၉ ခြေစစ်ပွဲမှ ကစားသမားအများစု ပြန်လည်ပါ၀င်

ပဏာမ ယူ-၁၉ လူစာရင်းတွင် ၂၀၁၅ အာရှ ယူ-၁၉ ခြေစစ်ပွဲမှ ကစားသမားအများစု ပြန်လည်ပါ၀င်
၂၀၁၅ အာရှ ယူ-၁၉ ခြေစစ်ပွဲ၌ မြန်မာ ယူ-၁၉ အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၂၈ ၊ ရန်ကုန်။            ။ ၂၀၁၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ လူစာရင်းအား ထုတ်ပြန်လိုက်ရာ ၂၀၁၅ အာရှ ယူ-၁၉ ခြေစစ်ပွဲမှ ကစားသမားအများစု ပြန်လည် ပါဝင်လာခဲ့သည်။

အဆိုပါ ပဏာမကစားသမား ၄၃ ဦးစာရင်းတွင် ယခင် ယူ-၁၉ အသင်းမှ အဓိကကစားသမားဖြစ်သည့် ဘုန်းသစ္စာမင်း၊ ရဲရင့်အောင်၊ စစ်မင်း၊ အောင်ကောင်းမန် တို့ ပြန်လည်ပါဝင်လာခဲ့သည့်အပြင် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲမှ ကစားသမားသစ်များလည်း ရွေးချယ်ခံခဲ့ရသည်။

ယင်းလူစာရင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား ဆယ်ဦးအထိ ပါဝင်လာခဲ့ပြီး ရတနာပုံအသင်းမှ ငါးဦး၊ ဆောက်သမ်းမြန်မာနှင့် ရခိုင်အသင်းမှ လေးဦးစီ၊ ဇေယျာရွှေ့မြေနှင့် ဇွဲကပင်အသင်းမှ သုံးဦးစီ၊ ဟော်ရဇွန်၊ ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ချင်း၊ မြဝတီ ကလပ်အသင်းတို့မှ နှစ်ဦးစီ အသီးသီးရွေးချယ်ခံခဲ့ရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို လက်ရှိတွင် နည်းပြချုပ်အဖြစ် နေပြည်တော်ကလပ်အသင်းမှ ဦးမျိုးလှိုင်ဝင်းက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး မေလ ၁၂ ရက်မှ စတင်ကာ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) တွင် စုစည်းလေ့ကျင့်မှုများ စတင်ပြုလုပ်သွားမည် ဖြစ်သည်။

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် စက်တင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အုပ်စုပွဲစဉ်များကိုမူ လက်ရှိအချိန် ထွက်ပေါ်လာခြင်း မရှိသေးပေ။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၁၄ ခုနှစ်တွင် အာရှ ယူ-၁၉ ပြိုင်ပွဲ ဆီမီးအဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ခွင့်ရခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်မူ အာဆီယံပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required