တရုတ်ထံမှ ရေငုပ်သင်္ဘောများဝယ်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအသုံးပြုမည်ဟု ထိုင်းရေတပ် အတည်ပြု

တရုတ်ထံမှ ရေငုပ်သင်္ဘောများဝယ်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအသုံးပြုမည်ဟု ထိုင်းရေတပ် အတည်ပြု

ဘန်ကောက်၊ ဇူလိုင် ၃ ။        ။ တရုတ်ထံမှ ရေငုပ်သင်္ဘောသုံးစင်းဝယ်ယူရန် ဘတ် ၃၆ဘီလျံ(ဒေါ်လာ ၁ဒသမ၁ဘီလျံ) အသုံးပြု မည့်အစီအစဉ်ကို ထိုင်းရေတပ်က အတည်ပြုခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝေါင်ဆူဝန်က ပြောကြား ခဲ့သည်။

လမ်းများပေါ်ထွက် ဆန္ဒပြမှုများ လများစွာကြာမြင့်ပြီးနောက် လွန်ခဲ့သည့်နှစ်မေလက စစ်တပ်ကထိုင်း၏ ရွေးကောက်ခံ အစိုးရ ကိုဖြုတ်ချခဲ့သည်။

စစ်တပ်က အာဏာသိမ်းမှုကို အနောက်နိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြပြီး ထိုင်းနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ကြသည်။

သိုသော်လည်း အာဏာသိမ်းပြီးနောက် တရုတ်၏ ထောက်ခံမှုရရှိထားသည်ဟု စစ်ဘက်အုပ်ချုပ်သူများက ပြောကြားခဲ့သည်။ ထိုစဉ်ကတည်းက အမေရိကန်၏အစဉ်အလာမဟာမိတ် ထိုင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်အောင် ကြိုးစားခဲ့သည်။ တရုတ်သည်  ချေးငွေများ၊ အခြေခံအဆောက်အအုံအကူအညီများစွာဖြင့် ဒေသတွင်း သြဇာမြင့်တင်နေစဉ် ထိုင်းသည် တရုတ်နှင့် ဆက်ဆံရေးကို မြင့်တင်ခဲ့သည်။

ရေငုပ်သင်္ဘောဝယ်ယူခြင်းမှာ ၂၀၁၆ခုနှစ်အတွက် ထိုင်း၏ကာကွယ်ရေးဘတ်ဂျက် ပိုမိုရရှိသောကြောင့်ဖြစ်ပြီး ဘတ်ဂျက်မှာ ဘတ် ၂၀၇ဘီလျံ(အမေရိကန်ဒေါ်လာ ၆ဒသမ၁ဘီလျံ)ဖြစ်သည်။

ကာကွယ်ရေးဘတ်ဂျက်မှာ ၂၀၁၅ခုနှစ်ကထက် ၇ ရာခိုင်နှုန်းတိုးလာသည်ဟု ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝေါင်ဆူဝန်က ပြော ကြားခဲ့သည်။

၁၇ ဦးပါ ထိုင်းရေတပ်ကော်မတီက မည်သည့်ရေငုပ်သင်္ဘောများဝယ်ယူမည်ကို ဆုံးဖြတ်ခဲ့သည်ဟု ပရာဝစ်က သတင်းထောက် များကို ပြောကြားခဲ့သည်။

"နိုင်ငံအသီးသီးက ရေငုပ်သင်္ဘောတွေကို ကြည့်ရှုလေ့လာပြီးမှ တရုတ်ရဲ့ရေငုပ်သင်္ဘောတွေက အသင့်တော်ဆုံးမို့ ကျွန်တော်တို့ ဒီလိုဆုံးဖြတ်တာပါ။ ကျွန်တော်တို့ဟာ ဈေးနှုန်း၊ အရည်အသွေးနဲ့ တခြားကဏ္ဍတွေကိုလည်းထည့်တွက်ရပါတယ်"ဟု ၎င်းကဆို သည်။

ရေငုပ်သင်္ဘောများမည်သည့်အချိန်ပေးပို့မည်ကို မပြောကြားခဲ့ပေ။ သို့သော်လည်း ယင်းအစီအစဉ်မှာ ကက်ဘိနက်အဖွဲ့၏ အတည်ပြုချက်ရယူရမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required