ဒီကေဘီအေ မြဝတီဆက်ဆံရေးရုံးဝန်ထမ်းကို အစိုးတပ် ဖမ်းဆီးဟုဆို

ဒီကေဘီအေ မြဝတီဆက်ဆံရေးရုံးဝန်ထမ်းကို အစိုးတပ် ဖမ်းဆီးဟုဆို

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီကေဘီကေမှ မြဝတီ ဆက်ဆံရေးရုံး ဝန်ထမ်း စောသန်းအောင်အား ဇူလိုင်လ ၃ ရက် မွန်းလွဲပိုင်းက အစိုးရ စစ်တပ်၏ ခလရ ၂၄ တပ်ဖွဲ့များက မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်ဟု DKBA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစော လုံ့လုံက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးစဉ် ပြန်လည် လွတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ပြန်လည် လွတ်ပေးခြင်း မရှိဘဲ မြဝတီ ရဲစခန်းသို့ လွဲပြောင်းပေး လိုက်သည်ဟု သူက ပြောသည်။

“ခုနပဲ မွန်းလွဲပိုင်းက ဆက်ဆံရေးရုံးက သန်းအောင်ပေါ့လေ။ တာဝန်ခံ ဗိုလ်ကြီး စိုးမြင့် အောက်က လူ။ ရှေ့တန်းရုံးက ပြော တယ်။ ခလရ ၂၄ လို့ ပြောတယ်။ မေးစရာရှိတယ်ဆိုပြီးတော့မှ ပြန်လွတ်ပေးမယ်ဆိုပြီး ပြောတာ။ မလွတ်ဘဲ ရဲစခန်းကို အပ်ပေး လိုက်တယ်၊ ရဲမှူးကြီးကလည်း ဘာမှမသိဘူး။ ခေါ်ထားပါဆိုလို့ ခေါ်ထားလိုက်တယ်”ဟု ဗိုလ်မှူး စောလုံ့လုံက ပြောသည်။

စောသန်းအောင်အား ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ လက်ရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) အစည်းအဝေးတွင် တက်ရောက်နေသော ဝန်ကြီး ဦးအောင်မင်းကိုလည်း တင်ပြထားပြီး ဖြစ်ကြောင်း သူကပြောသည်။

“တကယ်မဖြစ်သင့်ဘူး။ ဆက်ဆံရေးမှူးဆိုတာက သံမှူးပဲလေ။ စစ်ပွဲဖြစ်မယ်ဆိုရင် ဒါက ဘေးမဲ့ပဲလေ။ နိုင်ငံတကာ စံချိန်စံညွန်း အရ ကြည့်မယ်ဆိုရင် စစ်ပွဲဖြစ်တိုင်းကို ဆက်ဆံရေးမှူးတွေကို အရေးယူမယ်ဆိုရင် ဘယ်သူမှ လုပ်မှာ မဟုတ်တော့ဘူး။ ရုံးလည်း ဖွင့်တော့မှာမဟုတ်ပါဘူး”ဟု ဗိုလ်မှူးစောလုံ့လုံက ပြောသည်။

လက်ရှိ DKBA မှ ဗိုလ်မှူးသရဲနီနှင့် ဗိုလ်မှူးမောင်လေးတို့အား ရန်ကုန်မြို့တွင် ကျင်းပနေသော ကရင်ညီလာခံ တက်ရောက်နေ သဖြင့် ၎င်းတို့အား လက်ရှိ စစ်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ နေပြည်တော်သို့ သွားရောက် ဆွေးနွေးရန် DKBA ဒုချုပ်က ညွန်ကြား ထားသည်ဟု သူက ပြောသည်။

“ဒုချုပ်က နေပြည်တော်ကို သွားဖို့ ညွန်ကြားထားတယ်။ ဒီမနက် ဦးအောင်မင်းနဲ့ဆွေးနွေးတယ်။ သူက တိုင်းမှူးနဲ့ သွားဆွေးနွေး ဖို့။ ပြဿနာ ဖြေရှင်းဖို့ ညွန်ကြားတာတော့ ရှိတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ဇူလိုင် ၂ရက်က ကရင်ပြည်နယ် အာရှလမ်းမကြီး၏ မြဝတီနှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်း ကော့နွဲ့ရွာနှင့် တစ်မိုင်ခန့်အကွာ တွင် အစိုးရတပ်မတော်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ တစ်နေကုန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီကေဘီအေအဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ် ရာရှိခဲ့သည်ဟု ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags