ဘားကမ့် ပြည် ၂၀၁၅ ပွဲ ဇူလိုင် ၁၁ ရက်တွင် စတင်မည်

ဘားကမ့် ပြည် ၂၀၁၅ ပွဲ ဇူလိုင် ၁၁ ရက်တွင် စတင်မည်
၂၀၁၃ ခုနှစ်က ဘားကမ့်ပြည် ဖွင့်ပွဲကို တွေ့ရစဉ်။ ဓါတ်ပုံ - Barcamp Pyay Organizer Team

ရန်ကုန်၊ ဇွန် ၃ ။     ။ ပြည်တွင်း၌ နည်းပညာနည်းနှောဖလှယ်ပွဲ(ဘားကမ့်)များကို မြို့များအလိုက် နှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်မြို့ တွင် ဘားကမ့်ပြည် ၂၀၁၅ ပွဲကို ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကျင်းပသွားမည်ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာ ရှင်အသင်း ဥက္ကဌ ဦးရဲမြင့်အောင်က ပြောသည်။

ဦးရဲမြင့်အောင်က " နည်းပညာတွေအပြင် အခြားနယ်ပယ်တွေကိုပါ ဆွေးနွေးနိုင်ဖို့အတွက် ဘားကမ့်ပြည် ၂၀၁၅ ပွဲကို ကျင်းပ တာပါ။ ဒီကနေပြီး စွန့်ဦးတီထွင်သူလူငယ်တွေအနေနဲ့ အခွင့်အရေးတွေရလာနိုင်ပါတယ် " ဟု ဆိုသည်။

ပြည်မြို့တွင် ဘားကမ့်ပွဲများကို ၂၀၁၂ ခုနှစ်မှစတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုကျင်းပသည့် ပွဲသည် စတုတ္ထ အကြိမ်ကျင်းပ ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးရဲမြင့်အောင်က ပြောသည်။

ဘားကမ့်ပြည် ၂၀၁၅ ပွဲ၏ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံသွင်က " ဒီနှစ်မှာ ပွဲစီစဉ်သူတွေဘက်က ပိုပြီးကြိုးစား ထားပါ တယ်။ ပြည်မြို့ကတင်မဟုတ်ဘဲ အနီးပတ်ဝန်းကျင်က မြို့တွေကပါ ပူးပေါင်းပါဝင်နိုင်အောင်လုပ်ထားပါ တယ် " ဟု ဆိုသည်။

ရန်ကုန်နှင့် အခြားမြို့များမှ ဘားကမ့်ပွဲတွင် တက်ရောက်ဆွေးနွေးမည့်သူများအတွက် တည်းခိုရန်နေရာအပြင် အကြိုအပို့ အတွက် လည်း စီစဉ်ပေးထားသည်ဟု ကိုဝေယံသွင်က ပြောသည်။

နည်းပညာနှီးနှောဖလှယ်ပွဲ(ဘားကမ့်) များမှတဆင့် လူငယ်စွန့်ဦးတီထွင်သူများက မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းများကို အတွေ့အကြုံမျှဝေနိုင်ပြီး စီးပွားရေးသမားများနှင့် တွေ့ဆုံကာ အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly