အကြမ်းဖက်မှုဖြင့်ရင်ဆိုင်နေရသည် အမျိုးသမီးများအတွက် တရားမျှတမှုရှိစေရန် အစိုးရကိုတိုက်တွန်း

အကြမ်းဖက်မှုဖြင့်ရင်ဆိုင်နေရသည် အမျိုးသမီးများအတွက် တရားမျှတမှုရှိစေရန် အစိုးရကိုတိုက်တွန်း

ချင်းမိုင်၊ ဧပြီ၂၇ ။              ။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ တရားမျှတမှု ရရှိရေး အတွက် အစိုးရသစ်အနေဖြင့် တရားဥပဒေ မိုးမိုးရေးကို ပြန်လည် တည်ဆောက်ပါရန် SWAN က ဧပြီ ၂၇ ရက်က တိုက်တွန်းလိုက်သည်။

နှစ်နှစ်ကျော်ကြာ တရားစွဲဆိုခဲ့သော်လည်း ယနေ့ထိ အမှု စစ်ဆေးပေးခြင်း မရှိဘဲ ပြန်အမှုဖွင့်ခံထားရသည့်  ရှမ်းအမျိုးသမီး၏ တောင်းဆိုမှုကြောင့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အခုက အမှုတစ်မှုကနေ နှစ်မှုဖြစ်သွားတယ်။ ပထမ တစ်မှုက သူ့ကို မဒိမ်းကျင့်ပြီးမှ တာဝန်မယူဘူးဆိုပြီးတော့ ပိုက်ဆံပေးမယ်လို့ ပြောပြီးတော့ ခုထိ မပေးဘူး။ နောက် သူ့ယောက္ခမက အဲဒီမိန်းကလေးကို အိမ်ကို ခေါ်လို့သွားတော့ မိန်းကလေးကို ရိုက်နှက်တော့ အမှုထပ်ဖြစ်တယ်။ နောက်တော့ အဲဒီမိန်းကလေးကို ပိုင်နက်ကျူးလွန်မှုနဲ့ သူ့ယောက္ခမက အမှုပြန်ထပ်ဖွင့်ပြန်ရော ၂၀၁၄ က ဖြစ်တဲ့ကိစ္စက ခုထိ မပြီးသေးဘူး။ ကျွန်မတို့လည်း တရားမျှတမှုရအောင် ကူညီပေးနေတာ”ဟု SWAN က ပြောရေးဆိုခွင့်ရှိသူ ယိန်းဟန်ဖက မဇ္ဈိမကို ပြောသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင် ဦးကျန်ရီကိန်းက စွဲချက်တင်လိုက်သည့် အမှုကို လက်ခံသည့် တရားစီရင်ရေးနှင့် မူဆယ်မြို့မှ တရားသူကြီး ဦးစည်သူထွန်း၏ လုပ်ရပ်အား SWAN က မေးခွန်း ထုတ်လိုက်ကြောင်း SWAN အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်က ရှမ်းပြည်နယ် မူဆယ်မြို့ ဟိုမွန်းရပ်ကွက်နေထိုင်သော ရှင်းဟွာကုမ္ဗဏီ ပိုင်ရှင် တရုတ်စီးပွားရေး လုပ်ငန်းရှင် ဦးကျန်ရီကိန်း၏ သမက်ဖြစ်သူ အသက် ၂၄ နှစ်အရွယ် မောင်လှစိန်(ခ) ထိန်မင်ကြည် က အသက် ၁၇ နှစ်အရွယ် ရှမ်းအမျိုးသမီးငယ်အား လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့သည့်အပြင် ရက်စက်စွာ ရိုက်နက်ခဲ့မှုအပေါ် ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရန် SWAN က နိုးဆော်လိုက်ခြင်း ဖြစ်သည်။

မောင်လှစိန် (ခ) ထိန်မင်ကြည်သည် မန္တလေးတိုင်း ရှင်းဟွာကုမ္ပဏီ၏ တာဝန်ခံဖြစ်ပြီး အဆိုပါ ရှမ်းအမျိုးသမီးငယ်အား လက်ထပ်မည်ဟု ဆိုကာ ကတိပေးခဲ့ပြီး သုံးလကြာ အတူပေါင်းတင်းနေထိုင်ခဲ့ပြီးနောက် မိန်းကလေးငယ်တွင် ကိုယ်ဝန်ရှိ လာသောအခါ မိန်းကလေးအား ကိုယ်ဝန်အားတိုးဆေးဟုဆိုကာ ဆေးတိုက်ခဲ့သဖြင့် ကိုယ်ဝန် ပျက်ကျသွားခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ထိုနောက် ၂ လကြာ ရှမ်းမိန်းကလေးငယ်၏ နေအိမ်သို့ ပြန်နေစေကာ လာရောက်ထိမ်းမြားလက်ထပ်ယူမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မောင်လစိန် ရောက်လာခြင်းမရှိကြောင်း၊ နောက်ပိုင်းတွင် လက်ထပ်နိုင်မည် မဟုတ်ဘဲ နစ်နာကြေးအဖြစ် ကျပ်သိန်း ၄၀၀ ပေးမည်ဟု ကတိပေးခဲ့သော်လည်း အကောင်အထည်ဖော်ခြင်း မရှိသဖြင့် အမျိုးသမီးငယ်ဘက်မှ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သူ မောင်လှစိန်အား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းအမှုတွင် တရားရုံးက ရုံးချိန်းအကြိမ်ပေါင်း ၃၀ ကျော် ပေးခဲ့သော်လည်း ယနေ့ထိ အမှုအားလက်ခံခဲ့သည့် ဒုရဲအုပ် ဦးအောင်လင်းက ရုံးချိန်းသို့ တစ်ကြိမ်မျှ ရောက်လာခြင်း မရှိသည့်အပြင် ဦးကျန်ရီကိန်းနှင့် ဒေါ်အားရွှင်းတို့ကိုလည်း အမှုစစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။

အမှုစစ်ဆေးနေချိန် ၂၀၁၅ ခုနှစ် မေလအစောပိုင်းက ယင်းအမှုနှင့်ပတ်သက်၍ မိန်းကလေးငယ်အားမောင်လှစိန်၏ ယောက္ခဖြစ်သူ ဦးကျန်ရီကိန်းမှ ၎င်းအမှုနှင့် ပတ်သက်၍ ၎င်းသို့နေအိမ်သို့ လာရောက်ညှိနှိုင်းဖြေရှင်းရန် ဆက်သွယ်ခဲ့သဖြင့် မေလ ၇ ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ နေအိမ်သို့ ရှမ်းအမျိုးသမီးငယ် သွားရောက်ခဲ့ရာ သူမအား ခြံတံခါးပိတ်၍ ရက်စက်ကြမ်းတမ်းစွာ ဝိုင်းဝန်းရိုက်နက်ကာ အဝတ်အစားများ ဆွဲချွတ်ခံခဲ့ရပြန်သဖြင့် မူဆယ် ရဲစခန်းတွင် ရှမ်းမိန်းကလေးငယ်က ထပ်မံ အမှုဖွင်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် မတ်လ ၁၄ ရက်က တရားသူကြီး ဦးစည်သူထွန်းမှ ရှမ်းအမျိုးသမီးငယ်အားရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၇နှင့် ၃၂၇ ပိုင်နက်ကျူးလွန်မှုနှင့် အကျိုးစီးပွားဖျက်စီးမှုတို့ဖြင့်တရားရုံးသို့ ဆင့်ခေါ်စာပေးပို့ခဲ့ပြန်သည်ဟု ဆိုသည်။ ၎င်းတို့ အမှုနှင့်ပတ်သက်၍ ဦးကျန်ရီကိန်းနှင့် မိသားစုအား ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

ယနေ့ ဧပြီလ ၂၇ ရက်တွင်လည်း မူဆယ် တရားရုံးတွင် ရုံးချိန်းရှိသော်လည်း စစ်ဆေးခြင်းမရှိဘဲ လာမည့် မေလ ၆ ရက်တွင် ထပ်မံ ရက်ချိန်းပေးလိုက်သည်ဟု ယိန်းဟန်ဖက ပြောသည်။

၎င်းအမှုနှင့် ပတ်သက်၍ တရားမျှတမှု ရရှိရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တက်လာသည့် အစိုးရ သစ်ထံသို့လည်း အမှုမှန်ပေါ်ရေးနှင့် တရားမျှတမှု ရရှိရန်အတွက် ဆောင်ရွက်ပေးပါရန် စာပေးပို့ထားကြောင်းနှင့် အစိုးရသစ်မှ အမြန်ဆုံး ဖော်ထုတ်ပေး၇န် တိုက်တွန်းတောင်းဆိုလိုကြောင်း ယိန်းဟန်ဖက ဆက်လက် ပြောဆိုသည်။

အဂတိလိုက်စားသည့် တရားစီရင်ရေးစနစ်၏ မတော်မတရားဆက်ဆံရေးများကို ခံစားခဲ့ရသည့် အမျိုးသမီးများ အားလုံးနှင့်အတူ SWAN ရပ်တည်ကြောင်းနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသူများအား မြန်မာနိုင်ငံတွင်း လာရောက် နေထိုင်နေသော တရုတ်စီးပွားရေးလုပ်ငန်းရှင်က အကြမ်းဖက် ဆော်ကားနေခြင်းများကို တရားစီရင်ရေးစနစ်မှ ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ပေးရန် ပျက်ကွက်သည့်အပြင် ပြစ်မှုကျူးလွန်သူများအား အားပေးအားေ မြောက်ရာရောက်သော တရားစီရင်ရေး အလေ့အထများအားလုံးကို ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags