LINE လူမှုကွန်ရက် App တွင် အသုံးပြုသူများက စတစ်ကာများ ဖန်တီးရောင်းချနိုင်မည်

LINE လူမှုကွန်ရက် App တွင် အသုံးပြုသူများက စတစ်ကာများ ဖန်တီးရောင်းချနိုင်မည်

ရန်ကုန်၊ ဇွန် ၃ ။      ။ ကမ္ဘာ့အသုံးအများဆုံးစာရင်းဝင် လူမှုကွန်ရက် App ဖြစ်သည့် LINE App ကို အသုံးပြုသူများက စတစ် ကာများဖန်တီးပြီး တစ်ကမ္ဘာလုံးရှိအသုံးပြုသူများထံ ရောင်းချနိုင်မည်ဟု LINE ၏ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

၎င်းက" LINE ကိုအသုံးပြုသူတွေအနေနဲ့ LINE ဖန်တီးသူတွေရဲ့ ဈေးကွက်မှာ ကိုယ်တိုင်ဖန်တီးထားတဲ့ စတစ်ကာတွေကို တင်နိုင်ပါတယ်။ LINE က စိစစ်ပြီး အသိအမှတ်ပြုပြီးရင် တစ်ကမ္ဘာလုံးဈေးကွက်ကနေ ဝယ်ယူအသုံးပြုမှာဖြစ်တဲ့အတွက် အကျိုးအမြတ်တွေရနိုင်ပါတယ်" ဟုဆိုသည်။

LINE App ကို မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာစသည့် ပလက်ဖောင်းအစုံတွင် အသုံးပြုနိုင်မည်ဖြစ်သည် ဟု လည်း LINE ၏ မြန်မာနိုင်ငံအထွေထွေမန်နေဂျာ Mr. Darin Hwang က ဆိုသည်။

လက်ရှိအချိန်တွင် ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ စပိန်၊ အမေရိကန် ကဲ့သို့ နိုင်ငံများတွင် LINE ကို အသုံးပြုသူများ အများဆုံးရှိနေပြီး တစ်ကမ္ဘာလုံးတွင် လစဉ်ပုံမှန်အသုံးပြုသူ ၁၈၁ သန်းခန့်ရှိသည်ဟု ၎င်းက ဆိုသည်။

LINE App သည် နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက် App အဖြစ်ရပ်တည်နေနိုင်ခဲ့သည်။

LINE သည် အခြားမက်ဆေ့ချ်ပေးပို့သည့် App များနှင့် မတူညီဘဲ ကိုယ်ပိုင် စာမျက်နှာထားရှိနိုင်သည့် အားသာ ချက်ရှိသည်ဟု LINE App ကို အသုံးပြုသူများက ပြောသည်။

LINE က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု Mr. Darin Hwang ကပြောဆို ခဲ့ပြီး လက်ရှိအချိန်တွင် မည်သို့ပူးပေါင်းမှုများ ပြုလုပ်သွားမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

LINE နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ကို မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်နေသည် KDDI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အတည် ပြုပြော ကြားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required