“ဖွဲ့စည်းပုံ ပြင်ရေး ၄၃၆ အပိုင်း(ခ) မှာ ဘာအရေးကြီးဆုံးလဲ”

“ဖွဲ့စည်းပုံ ပြင်ရေး ၄၃၆ အပိုင်း(ခ) မှာ ဘာအရေးကြီးဆုံးလဲ”

အခုဆိုရင် လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးရဲ့ ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ အပိုင်းကို ဆွေးနွေးနေကြပါတယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ပုဒ်မ ၄၃၆(က) ဆိုင်ရာ အပိုင်းကတော့ ပြည်ခိုင်ဖြိုးဘက်က ပြင်ဆင်ဖို့ အချက် (၆) ချက် တင်ပြ တာမှာ (၅) ချက်ကို တပ်မတော်ဘက်က ပယ်ချခဲ့တဲ့အတွက် (၁) ချက်ပဲ ပြင်ဆင်ဖို့ အတည်ပြုနိုင်ခဲ့ ပါတယ်။ အခု ၄၃၆ အပိုင်း(ခ) မှာရော ပြည်ခိုင်ဖြိုးဘက်က ဘာတွေ တင်ပြထားသလဲ။ ဘယ်လို ဆွေးနွေးနေကြပြီး ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွား ပါ့မယ်။

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ချက် ဥပဒေကြမ်းဟာလည်း ပုဒ်မ ၄၃၆ (က) နည်းတူ ပြည်ခိုင်ဖြိုး ပါတီက တင်သွင်းတာပါ။ အင်န်အယ်လ်ဒီ အပါအဝင် ဘယ် တခြားပါတီ၊ ဘယ် တိုင်းရင်းသားပါတီ တွေနဲ့မှ တိုင်ပင်ပြီး တင်တာလည်း မဟုတ်ပါဘူး။ ၂၀၁၃ နှစ်လယ်ကစ လွှတ်တော်တွင်း ပါတီပေါင်းစုံ ဆွေးနွေးခဲ့ကြတဲ့၊ ကော်မတီ အမျိုးမျိုး ဖွဲ့စည်းပြီး ဆွေးနွေး ငြင်းခုံ ခဲ့ကြတဲ့၊ ပြည်သူတွေ တင်ပြထားတဲ့ အချက်အလက်တွေကို လျစ်လျူရှုပြီး ဘယ်သူနဲ့မှ မတိုင်ပင်ပါဘဲ ပြည်ခိုင်ဖြိုးပါတီက ကိုယ့်သဘောနဲ့ ကိုယ် တင်သွင်းတဲ့ ဥပဒေကြမ်းသာ ဖြစ်ပါတယ်။ ဒါက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်တွင်း လှုပ်ရှားမှုရဲ့ ပထမ ပြဿနာပါ။

ဒုတိယ ပြဿနာ ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ထုံးလုပ်နည်းတွေပါ။ လွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ များပြားလှတဲ့ လုပ်ပိုင်ခွင့်နဲ့ အဆုံးအဖြတ်တွေကြောင့် တခြားပါတီဝင် အမတ်တွေရဲ့ သဘောထားတွေဟာ ပြောသာပြော၊ ပြောရုံ သက်သက်ပဲ ဆိုတဲ့ အနေအထား ရောက်နေတာပါ။ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းကို ဆွေးနွေး ဆုံးဖြတ်တဲ့ ဆီမှာ မူလ ဥပဒေပါ အချက်နဲ့ ပြည်ခိုင်ဖြိုးက ပြင်ဆင်လိုတဲ့ အချက် နှစ်ချက် ကလွဲရင် တခြား ဘယ်လို အချက်တွေကိုမှ ထည့်သွင်း စဉ်းစားမှာ မဟုတ်တဲ့အပြင် မဲခွဲ ဆုံးဖြတ်ခြင်းလည်း လုပ်မှာ မဟုတ်လို့ပါပဲ။

ဥပမာအားဖြင့် လွှတ်တော်ထဲ ရောက်ပြီးမှ မှန်မှန်ကန်ကန် မလုပ်တဲ့၊ ပြည်သူကို ကိုယ်စားမပြုတဲ့ အမတ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ် ပြည်သူတွေက ပြန်ပြီး ရုပ်သိမ်းနိုင်တဲ့ ပုဒ်မ ၃၉၆ ပုဒ်မခွဲ (ခ) မှာ ဆိုရင် “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒ နယ်ရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက် သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံ တင်ပြရမည်” ဆိုပြီး ပြဋ္ဌာန်းထား ပါတယ်။

ဒါကို ပြည်ခိုင်ဖြိုးက တင်တဲ့ ဥပဒေကြမ်းမှာ ပယ်ဖျက်ဖို့ တင်ပြထားပါတယ်။ ပြည်ခိုင်ဖြိုးက ပြင်ဆင်ချင်တာ အတည်ဖြစ်သွားရင် သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူတွေဟာ သူတို့ ရွေးလိုက်တဲ့ အမတ် ဘာလုပ်လုပ် ဒီအတိုင်း ထိုင်ကြည့်နေရမယ်ဆိုတဲ့ သဘောပါ။ ဒါနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အမတ် ဦးသိန်းဆွေက အင်န်အယ်လ်ဒီ အနေနဲ့ “မဲဆန္ဒရှင် ပြည်သူ ၂၀ ရာခိုင်နှုန်း ရဲ့ ဆန္ဒနဲ့” ဆိုတာမျိုး ပြင်လိုပါတယ်။

အလားတူ တိုင်းရင်းသား ပါတီကြီး တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ အမတ် ဒေါ်နန်းဝါနုက သင့်တော်တဲ့ ရာခိုင်နှုန်း အချိုးအစား တစ်ခု ဆိုပြီး ပြင်ချင်တာပါ။ တကယ့် လက်တွေ့မှာတော့ လွှတ်တော်ထဲက အမတ်တွေ ဟာ မူလ ဥပဒေ အတိုင်းပဲ ထားမှာလား။ ဒါမှမဟုတ် ပြည်ခိုင်ဖြိုးက လိုချင်သလို အဲဒီ ပုဒ်မ ကို ပယ်ဖျက် မလား ဆိုတာကိုပဲ မဲပေးရမှာ ဖြစ်ပါ တယ်။ ကြားနေလို့လည်း မရဘူးလို့ သူရဦးရွှေမန်း က ဆိုထားပါတယ်။ အဓိပ္ပာယ် ကတော့ အခု ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော် တွင်း လုပ်ငန်းမှာ အတိုက်အခံ ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေရဲ့ သဘောထားဟာ ပြောသာပြော၊ ဘာမှ ထည့်သွင်း စဉ်းစားခြင်း ခံရမှာ မဟုတ်ဘူးလို့ ဆိုလိုတာပါ။

လက်ရှိ ဆွေးနွေးနေဆဲ ပြည်ခိုင်ဖြိုးက တင်တဲ့ ပုဒ်မ ၄၃၆ (ခ) ပါ ပြင်ဆင်ချက်တွေ ထဲမှာ တိုင်းရင်းသား တန်းတူရေးနဲ့ ဆိုင်တဲ့ ပြင်ဆင်ချက် တချို့၊ နောက်ဆက်တွဲ ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ တွေနဲ့ ကိုက်ညီအောင် ဖွဲ့စည်းပုံကို ပြန်ပြင်တဲ့ ပြင်ဆင်ချက် တချို့၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုင်ရာ လုပ်ပိုင်ခွင့် အပြောင်းအလဲ လုပ်တဲ့ ပြင်ဆင်ချက် တချို့ စတာတွေပဲ ပါဝင်တာ တွေ့ရ ပါတယ်။ တခြား ဒီမိုကရေစီ ပိုပြီး ဖော်ဆောင်နိုင်မယ့် ပြင်ဆင်ချက်တွေတော့ ပါဝင်တာ မတွေ့ရပါဘူး။

တိုင်းရင်းသား တန်းတူရေးနဲ့ ဆိုင်တဲ့ အချက်တွေကတော့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို နဂို အခြေခံ ဥပဒေမှာ သမ္မတ ကနေ တိုက်ရိုက် ရွေးချယ်တာကနေ သက်ဆိုင်ရာ လွှတ်တော် အမတ်တွေကနေ မဲပေးရွေးချယ်သူကို သမ္မတက ခန့်အပ်ပေးရ တဲ့ ပြင်ဆင်ချက်နဲ့ နောက်ဆက်တွဲ ဇယား(၁) နဲ့ (၂) မှာ ပြည်နယ်နဲ့ တိုင်းတွေကို လုပ်ပိုင်ခွင့် ပိုပေးတဲ့ ပြင်ဆင်ချက်တွေ ပါဝင်ပါ တယ်။

ဥပဒေကြမ်းထဲ ပါတဲ့ တချို့ အချက်တွေကတော့ လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ဥပဒေ ပြဋ္ဌာန်းတာ၊ ဥပဒေ ပြင်ဆင်တာ လုပ်ထားတဲ့ အချက်တွေကို အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုပြီး သက်သေပြနိုင်အောင် ပြန်လည် ထည့်သွင်းတာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖွဲ့စည်းပုံ ပုဒ်မ ၁၁၅၊ ၁၄၇ မှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီတွေ ကို ပြည်ထောင်စု အဆင့် သတ်မှတ်ရမယ် ဆိုတာမျိုး၊ ပုဒ်မ ၃၂၁ မှာ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ကို သမ္မတ ကပဲ ခန့်အပ်ရမယ်ဆိုတဲ့ နေရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တွေနဲ့ ညှိနှိုင်းပြီးမှ ခန့်ရမယ် ဆိုတာမျိုး ပြင်ဆင်ထားတာတွေ ဖြစ်ပါတယ်။

ပြောရရင် ပြည်ခိုင်ဖြိုးက တင်တဲ့ ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်းထဲမှာ တိုင်းရင်းသား အခွင့်အရေးနဲ့ ဆိုင်တဲ့ အပိုင်းလောက်က လွဲရင် ကျန်ပြင်ဆင်ဖို့ တင်ပြထားတဲ့ အချက်တွေဟာ ဒီမိုကရေစီရေး၊ ပြည်သူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်မှု မရှိလှပါဘူး။ ပြင်နိုင်သည် ဖြစ်စေ၊ မပြင်နိုင်သည်ဖြစ်စေ၊ ပြည်သူတွေအတွက် သိပ်ပြီး ထူးခြားသွားတာတွေ မပါပါဘူး။ ပြောရရင် တိုင်းရင်းသား တန်းတူရေးနဲ့ ဆိုင်တာက လွဲရင် ကျန်တာတွေဟာ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး ဘက်က ပြင်ချင်တာနဲ့ တပ်မတော်သားတွေရဲ့ သဘောထား အငြင်းအခုံပဲ ဖြစ်ပါတယ်။ ဒီအတွက် ဒီမိုကရေစီအရေး မပါဝင်ပေမယ့် တိုင်းရင်းသား တန်းတူရေးကို ဖော်ဆောင်နိုင်မယ့် ပြည်နယ်နဲ့ တိုင်းတွေမှာ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေကနေ ရွေးချယ်ခွင့် ရရေး ပြင်ဆင်ချက်၊ ပြည်နယ်နဲ့ တိုင်း လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့် ပိုရလာရေးဆိုင်ရာ ပြင်ဆင် ချက်တွေ အောင်မြင်ရေးကိုပဲ အာရုံစိုက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

Mizzima Weekly