ပြည်ခိုင်ဖြိုးပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီတို့ မဟာမိတ်အဖြစ်မှ လမ်းခွဲ

ပြည်ခိုင်ဖြိုးပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီတို့ မဟာမိတ်အဖြစ်မှ လမ်းခွဲ
နောက်ဆုံးမဲဆွယ်မှူအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ၆ ရက်နိုဝင်ဘာ ၂၀၁၅ ညနေပိုင်းက ကမာကြည်တံတားအနီး သုဝဏ္ဏမြို့ဦးစေတီအနီး ဘော်လုံးကွင်းတွင် မဲဆွယ်စည်းရုံးသည့်မြင်းကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

နေပြည်တော် ၊ ဧပြီ ၂၆ ။           ။ ပြည်ခိုင်ဖြိုးပါတီနှင့် မဟာမိတ်ပါတီအဖြစ် ၂၀၁၀ ခုနှစ်စတင်လက်တွဲခဲ့သည့် စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်) က မဟာမိတ်ပါတီအဖြစ်မှ လမ်းခွဲတော့မည်ဖြစ်ကြောင်း ယင်းပါတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

၂၀၁၅ ခုနှစ်အတွင်းကတည်းက လမ်းခွဲရန်ဆုံးဖြတ်ထားခြင်းဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း မဟာမိတ်အဖြစ်ပူးပေါင်းတော့မည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီထံ တရားဝင်စာပေးပို့  သွားမည်ဟု ဒေါ်ဒွဲဘူကပြောသည်။

“ပြည်သူလူထုကလဲသူတို့နဲ့အန်တီတို့ပါတီနဲ့လက်တွဲတာမကြိုက်ဘူး လူကိုတော့ကြိုက်တယ်ပေါ့ ပါတီကိုမကြိုက်ဘူးပေါ့ ပါတီကတပ်မတော်ကျောထောက်နောက်ခံရှိတဲ့ပါတီဖြစ်တယ် ဦးသိန်းစိန်ပါတီနဲ့လက်တွဲတာ မကြိုက်ဘူးပေါ့ ပြည်သူလူထုရဲ့လိုအပ်ချက်အရရော ပြည်သူအကျိုးပြုလုပ်ငန်းတွေ ပိုပြီးလုပ်နိုင်အောင်ဖို့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ ” ဟု စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

လက်ရှိရပ်တည်ချက်အရ ပါတီတွင်း ပဋိပက္ခများဖြစ်လာမည်ကို မလိုလား၍ လမ်းခွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ပြည်ခိုင်ဖြိုးနဲ့ပြိုင်တော့မယ် မပြိုင်ရင် ပါတီတွင်းမှာ ပဠိပက္ခတွေဖြစ်လာတော့မယ် ပြည်သူတွေကလည်းပြောတယ် အန်တီတို့ကို နင်တို့အဲ့ဒီ USDP နဲ့ပေါင်းရင်တော့ ဘာဖြစ်တယ် ညာဖြစ်တယ် အန်တီတို့ကလဲ အရင်က လိုအပ်ချက် အရ ကိုယ့်ပြည်နယ်အတွက်ဘာလေးများ ကိုယ့်လူမျိုးအတွက် ဘာလေးများလုပ်နိုင်မလဲ ဆိုပြီးလက်တွဲခဲ့တာပေါ့ ” ဟု စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မဟာမိတ်ပါတီအဖြစ်ရပ်တည်ခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း သူရဦးရွှေမန်း မှ ကူညီဖေးမမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒေါ်ဒွဲဘူကဆိုသည်။

“မဟာမိတ်လုပ်ခဲ့တယ်ဆိုတာလည်းပဲ လွှတ်တော်ထဲမှာ ဦးရွှေမန်းတို့ကအန်တီတို့ကိုအများကြီးကူညီခဲ့တယ် မဟာမိတ်မှာလည်းပဲ အများကြီးကူညီခဲ့တယ် အခုသူတို့ပါတီကထုတ်လိုက်တဲ့လူတွေက အန်တီတို့ကိုအများကြီးကူညီခဲ့တယ် မျက်နှာတွေထောက်ထားပြီး ၂၀၁၅ မှာ မဟာမိတ်ဆက်လုပ်ခဲ့တာ ” ဟု သူမကပြောသည်။

သူရဦးရွှေမန်း နှင့် ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင် ၁၆ ဦးအား ထုတ်ပယ်လိုက်သည့်အတွက် ပြည်ခိုင်ဖြိုးနှင့်လမ်းခွဲရန်ဆုံးဖြတ်ချက်သည် ပိုမိုမှန်ကန်ခဲ့သည်ဟု ယူဆကြောင်း ၊ မဟာမိတ်ပါတီအဖြစ် လမ်းခွဲပီးသည့်နောက်တွင် ပြည်နယ်အတွင်း ပြည်သူလူထုထောက်ခံမှု ပိုမိုရရှိလာမည်ဟုယုံကြည်သည်ဟုဆိုသည်။

စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်)သည် ပါတီတည်ထောင်စဉ်ကတည်းက ပြည်ခိုင်ဖြိုးပါတီ၏ မဟာမိတ်ပါတီဖြစ်ခဲ့ကာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်တွင် အမတ်တစ်နေရာ ၊ ပြည်သူ့လွှတ်တာ်တွင် အမတ်တစ်နေရာ ရရှိခဲ့ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တစ်နေရာသာအနိုင်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required