MH17 ပစ်ချခံရမှု နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုရန် မလေးရှား လိုလား

MH17 ပစ်ချခံရမှု နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုရန် မလေးရှား လိုလား

ခရီးသည်တင် MH17 ပစ်ချခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူများကို တရားစွဲဆိုသွားရန်အတွက် နိုင်ငံတကာခုံရုံးသို့ တင်လိုကြောင်း မလေးရှားနိုင်ငံက ပြောသည်။

မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် MH17 သည် ၂၀၁၄ ဇူလိုင်လအတွင်းက ပစ်ချခံရခြင်းဖြစ်ပြီး ယာဉ်ပေါ်လိုက်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း ရုရှထောက်ခံသော သူပုန်များ ထိန်းချုပ်နယ်မြေပေါ် ဖြတ်ပျံသန်းစဉ် ပစ်ချခံရခြင်းဖြစ်သည်။

လေယာဉ်ကို ခွဲထွက်ရေးသူပုန်များ ဒုံးကျည်ဖြင့် ပစ်ခတ်သည်ဟု စွပ်စွဲချက်များထွက်ပေါ်ရာ ခွဲထွက်ရေးသူပုန် အဖွဲ့ခေါင်းဆောင်များက ငြင်းဆန်ထားသည်။

"မလေးရှားက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ MH17 ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး အရေးယူဖြေရှင်းလိုတဲ့ ရည်ရွယ်ချက်ကို ပြောလာတာဖြစ်ပါတယ်။”ဟု ဇူလိုင်လအတွက်လုံခြုံရေးကောင်စီဥက္ကဌအဖြစ် ဆောင်ရွက်နေသည့် နယူးဇီလန်မှ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ဂါရတ်ဗန်ဘိုဟမ်မန်းက ပြောသည်။

"မလေးရှားအနေနဲ့ လေယာဉ်ပစ်ချခံရမှုမှာ တရားရေးအရစွဲဆို အရေးယူသွားလိုတာပဲဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာခုံရုံးတွင် တရားစွဲဆိုရန် လုပ်ဆောင်မှုကို မလေးရှား၊ သြစတြေးလျ၊ နယ်သာလန်၊ ဘယ်ဂျီယမ်နှင့် ယူကရိန်းတို့က ပူးပေါင်းအဆိုပြုခြင်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောခဲ့သည်။

နိုင်ငံတကာခုံရုံးတင် တရားစွဲဆိုမည့် အစီအစဉ်က အချိန်မကျသေးပဲ လုပ်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း ရုရှလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျင်နာဒီဂတ်တီလော့ဗ်က ပြောသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

လုံခြုံရေးကောင်စီအနေဖြင့် ပြုလုပ်ဆဲ စုံစမ်းစစ်ဆေးမှုများက ရလဒ်ထွက်ပေါ်လာမှုကို စောင့်ဆိုင်းသင့်သေးကြောင်း အမည်မဖော်လိုသည့် ရုရှသံတမန်က ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required