မြန်မာနိုင်ငံတွင် ခိုင်မာသည့်စီးပွားရေးဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်စရာများစွာ ကျန်နေသေးဟု ကမ္ဘာ့ဘဏ် သတိပေး

မြန်မာနိုင်ငံတွင် ခိုင်မာသည့်စီးပွားရေးဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်စရာများစွာ ကျန်နေသေးဟု ကမ္ဘာ့ဘဏ် သတိပေး

ဘန်ကောက်၊ ဧပြီ၊ ၂၅ ။            ။ မြန်မာနိုင်ငံတွင် ရေရှည်ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှု တစ်ရပ်ပေါ်ထွန်းရန်အတွက် လုပ်ဆောင်စရာများစွာ ကျန်နေသေးကြောင်း ကမ္ဘာ့ဘဏ်က သတိပေးပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံကောင်းမွန်လုံလောက်မှု မရှိခြင်းမှာ ရင်းနှီးမြုပ်နှံမှုများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၄ နှစ်အတွင်းတိုးတက်ဖြစ်ထွန်းမှုများရှိလာခဲ့သော်လည်း လျှပ်စစ်ဓါတ်အားမလုံလောက်မှု၊ ဘဏ္ဍာရေးအရင်းအနှီး၊ မြေနေရာ နှင့် ကျွမ်းကျင်လုပ်သားရှားပါးမှုတို့ကြောင့် ပုဂ္ဂလိကစီးပွားရေးချဲ့ထွင်ရန်လုပ်ဆောင်မှု မှာ ယခုအခါတွင် အကျပ်အတည်းဆိုက်သည့်အနေအထားသို့ရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည့်       '' အရှေ့အာရှနှင့်ပစိဖိတ် စီးပွားရေးနောက်ဆုံးအခြေအနေ '' ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဈေးကွက်ပေါ်ပေါက်ရန်အတွက်သာ မက အခြေခံ အဆောက်အအုံပိုင်းနှင့် ထောက်ပံ့မှုပိုင်းတို့တွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန်အတွက် တည်ငြိမ်၍ ငွေကြေးဖောင်းပွမှု နိမ့်သောအမျိုးသားစီးပွားရေးမူဝါဒများချမှတ်ရန် အရေးကြီးကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

ထိုကဲ့သို့သော ရင်းနှီးမြုပ်နှံမှုများကို အားပေးရန်အတွက် ဘဏ္ဍာရေးဆိုင်ရာလွတ်လပ်မှုသာမက ပုဂ္ဂလိကကဏ္ဍမှ အရင်းအမြစ်များမြှင့်တင်မှုတို့ကိုပါ လိုအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လက်ရှိအချိန်၌ စွမ်းအင်ကဏ္ဍရင်းနှီးမြုပ်နှံမှု တစ်ခုတည်းအတွက်ပင် လာမည့် ၁၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလျံခန့် လိုအပ်မည်ဖြစ်သည်။

အခွန်ရငွေ၊ ဘက်ဂျက်ပြန်လည်စိစစ်မှု၊ ပြည်ပအလှူရှင်များထံမှ အလှူငွေရရှိမှုတို့မှ တဆင့် တိုင်းပြည်ဝင်ငွေ တဖြည်းဖြည်းချင်းတိုးလာနေသော်လည်း ထိုတိုးလာသည့်ဝင်ငွေက အခြေခံအဆောက်အအုံလိုအပ်မှုကို ဖြည့်ဆည်းရန် လုံလောက်လိမ့်မည်မဟုတ်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရေကြီးရေလျှံမှုများ၊ ငွေကြေးဖောင်းပွမှု နှင့် ရင်းနှီးမြုပ်နှံမှုအသစ်များဝင်ရောက်မှုနှေးကွေးသွားခြင်းတို့ကြောင့် ၇ ရာခိုင်နှုန်းသို့လျော့ကျသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required