မလေးရှားခရီးသည်တင်လေယာဉ်ကို ယူကရိန်းဂျက်လေယာဉ် ပစ်ချခဲ့ဟု မျက်မြင်များပြော

မလေးရှားခရီးသည်တင်လေယာဉ်ကို ယူကရိန်းဂျက်လေယာဉ် ပစ်ချခဲ့ဟု မျက်မြင်များပြော

ကွာလာလမ်ပူ၊ ဧပြီ ၂၅ ။            ။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ယူကရိန်းအရှေ့ဖက်ပိုင်းတွင် ပစ်ချခံရသည့် မလေးရှားခရီးသည်တင်လေယာဉ် MH17 ကို ယူကရိန်းတိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ခြင်းဖြစ်ပြီး မြေပြင်မှ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရသည်ဆိုခြင်းက မဟုတ်ကြောင်း ဖြစ်စဉ်ကို မျက်မြင်တွေ့သူများက အတည်ပြုပြောကြသည်။

မေ ၃ ရက်တွင် ထုတ်လွှင့်ရန် စီစဉ်ထားသည့် ဘီဘီစီ၏ "လျှိုဝှက်ပူးပေါင်းကြံစည်မှုအမှုတွဲ။ MH17 ကို ဘယ်သူပစ်ချလဲ။"ဆိုသည့် သတင်းမှတ်တမ်းတွင် ယူကရိန်းစစ်လေယာဉ်က ခရီးသည်တင်လေယာဉ်အား ပစ်ချခဲ့သည်ကို မြင်တွေ့ခဲ့သူများနှင့် အင်တာဗျူးများကို ပါဝင်ကြောင်း သိရသည်။

ဂျာမနီ ထောက်လှမ်းရေးသတင်းများ ရေးသားသူ သတင်းထောက် ဘီလီဆစ်က အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့သူ ၁၀၀ နှင့် ပြောဆိုအင်တာဗျူးရာတွင် စစ်လေယာဉ်တစ်စင်းကို   မြင်တွေ့လိုက်ရသည်ဟု ပြောဆိုသူ ခုနစ်ဦး ရှိသည်။

"အဲဒီထဲက တစ်ဦးက စစ်လေယာဉ်ကနေ ဒုံးကျည်ပစ်လွှတ်လိုက်တာကို မြင်လိုက်ရကြောင်းကို ပြောပါတယ်။ ကောင်းကင်မှာ အတန်းငယ်တစ်ခုလိုပဲ မြင်လိုက်ရပြီး နောက်တော့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတာပဲဖြစ်တယ်လို့ သူက ပြောပါတယ်။"ဟု ဆစ်က ပြောသည်။

"အဲဒီအချိန်က နွေရာသီ စိုက်ပျိုးရာသီကာလပါ။ ပေါက်ကွဲသံကြီးတစ်ရပ်ကို ကျွန်တော်တို့ ကြားရတယ်။ ပထမတော့ မီးခိုးမည်းကြီးတွေ လိပ်တက်နေတာပဲမြင်ရပြီး နောက်မှာ   လေယာဉ်နှစ်စင်းကို မြင်လိုက်ရတယ်။ တစ်စင်းက တစ်ဖြောင့်တန်း ပျံသန်းသွားပြီး ကျန်တစ်စင်းက ပေါက်ကွဲမှု ဖြစ်ရာမှ ပျံဝဲနေသေးတယ်။ နောက်တော့ လာရာလမ်းကြောင်းဆီ လှည့် ပျံသန်းသွားပါတယ်။"ဟု နောက်ထပ် မျက်မြင်တစ်ဦးက ပြောသည်။

MH17 ခရီးသည်တင်လေယာဉ်သည် ၂၀၁၄ ဇူလိုင် ၁၇ ရက်က ယူကရိန်းနိုင်ငံ ပဋိပက္ခဖြစ်ပွားရာ ဒွန်နက်စ်အရပ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှ မလေးရှားမြို့တော် ကွာလာလမ်ပူသို့ ခရီးစဉ်အတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကာ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်နှင့် အမှုထမ်း ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required