ငလျင်ကြိုတင်ခန့်မှန်းမှုတွင် တရုတ်သိပ္ပံပညာရှင်များက တိရစ္ဆာန်များကို အသုံးပြု

ငလျင်ကြိုတင်ခန့်မှန်းမှုတွင် တရုတ်သိပ္ပံပညာရှင်များက တိရစ္ဆာန်များကို အသုံးပြု

တရုတ်သိပ္ပံပညာရှင်များက ငလျင်လှုပ်မည်ကို ကြိုတင်ခန့်မှန်းနိုင်ရန်အတွက် တိရစ္ဆာန်များကို အသုံးပြုကာ ငလျင်ကြိုတင်ခန့်မှန်းမှုများလုပ်ဆောင်နေလျက်ရှိသည်။

အရှေ့ပိုင်း ကျီအန်စုပြည်နယ်၏ မြို့တော် နန်ကျင်းရှိ ဘူမိငလျင်တိုင်းတာရေးပညာရှင်များက ဒေသတွင်း တိရစ္ဆာန်ရုံများနှင့် တိရစ္ဆာန်ဥယျာဉ်များတွင် တိုင်းတာစောင့်ကြည့်ရေးစခန်း ခုနှစ်ခုကို ဖွင့်လှစ်ထားကြောင်း Modern Express ဝက်ဘ်ဆိုက်သတင်းတွင် ဖောြ်ပသည်။ ဖြစ်ပေါ်လာနိုင်သည့် ငလျင်လှုပ်ခြင်း ကြိုတင်နမိတ်လက္ခဏာမျိုးဖြစ်နိုင်သည့် တိရစ္ဆာန်ထောင်ပေါင်းများစွာ၏ အပြုအမှု ပြောင်းလဲမှုများအပေါ်တွင် စောင့်ကြည့်မှတ်သားထားခြင်းဖြစ်သည်။ 

ယူဟွာထန်ခရိုင်အတွင်း ဂေဟဥယျာဉ်တစ်ခုသည် ငလျင်စောင့်ကြည့်ရေးစခန်းများမှ တစ်ခုဖြစ်ပြီး ယင်းဥယျာဉ်တွင် ကြက်ကောင်ရေ ၂၀၀၀၊ ဝက် ၂၀၀ နှင့် ငါးကန်များမှာ ၂ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိသည်။ ဥယျာဉ်တွင် ကင်မရာများတပ်ဆင်ထားကာ ယင်းတိရစ္ဆာန်များ၏ အပြုအမှုများကို စောင့်ကြည့်မှတ်သားထားပြီး ဝန်ထမ်းများက တစ်နေ့လျှင်နှစ်ကြိမ်ကျ ငလျင်တိုင်းတာခန့်မှန်းရေးဗျူရိုသို့ အစီရင်ခံရသည်။ 

"တိရစ္ဆာန်တွေက တစ်ခါတစ်ရံမှာ ငလျင်မလှုပ်ခင် ဆောက်တည်ရာ မရတဲ့ အပြုအမှုမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေရဲ့ အပြုအမှုကို စောင့်ကြည့်ပြီး ငလျင်ခန့်မှန်းမှုလုပ်ဆောင်တာပဲဖြစ်ပါတယ်။”ဟု နန်ကျင်းငလျင်တိုင်းတာခန့်မှန်းရေးဗျူရိုမှ သိပ္ပံနည်းကျစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲဖြစ်သူ ကျို့ပင်းက ပြောသည်။ 

အခြားသော စောင့်ကြည့်ရေးစခန်းတစ်ခုဖြစ်သည့် ဟောင်ရှင်းတောဥယျာဉ်မှ ရှင်ကျိကျန်ဆိုသူက တိရစ္ဆာန်များက ငလျင်ကြိုတင်ခန့်မှန်းမှုမှာ အထူးနည်းပညာတစ်ရပ်လို အသုံးဝင်ကြောင်း ပြောသည်။ ”ဌက်တွေဟာဆိုရင် ကြိုတင်အာရုံခံစားနိုင်စွမ်းကြတယ်။ သူတို့အမြီးတွေ ခွေးတွေ အမြီးနှံ့သလို ခါယမ်းနေပြီဆိုရင် သတိထားစောင့်ကြည့်ရမယ့် အခြေအနေပဲဖြစ်တယ်။”ဟု ၎င်းကပြောခဲ့သည်။

တိရစ္ဆာန်များက ငလျင်မလှုပ်မီ ကြိုတင်သိရှိစွမ်းသည်ဟူသော ယူဆမှုများမှ ယခင်ကလည်း ရှိထားပြီးဖြစ်သည်။  ငလျင်မလှုပ်မီ မြေအောက်ရေတွင် ဓာတုဓာတ်ပြောင်းလဲမှုကို တိရစ္ဆာန်များက သိရှိခံစားနိုင်ဖွယ်ရှိကြောင်း ၂၀၁၁ ခုနှစ်အတွင်းက သိပ္ပံပညာရှင်များက ပြောခဲ့သည်။
BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required