မြောက်ဦးလေဆင်နှမောင်းဒဏ်သင့် ဒုက္ခသည်များအား ပြည်နယ်ဝန်ကြီးချူပ် သွားရောက်တွေ့ဆုံ

မြောက်ဦးလေဆင်နှမောင်းဒဏ်သင့် ဒုက္ခသည်များအား ပြည်နယ်ဝန်ကြီးချူပ် သွားရောက်တွေ့ဆုံ
ဓာတ်ပုံ- ကျော်မင်း

စစ်တွေ၊ ဧပြီ ၂၅ ရက် ။           ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကျေးရွာနှစ်ရွာမှ လူနေအိမ်နှင့် အဆောက်အဦးများ ပျက်စီးသွားခဲ့သည့်အတွက် လေဘေး ဒုက္ခသည်များအား ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု သွားရောက်တွေ့ဆုံပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုမှာ ဧပြီ ၂၄ရက်နေ့ နံနက်ပိုင်း ၇ နာရီ ၁၅ မိနစ်ခန့်က ရုတ်တရက် ဖြစ်ပေါ် တိုက်ခတ်ခဲ့ခြင်းဖြစ်ရာ မြောက်ဦးမြို့နယ် မြောက်ဘက် ၃ မိုင်ခန့် အကွာတွင် တည်ရှိသည့် အုတ်ဖိုကန်ကျေးရွာနှင့် သံချောင်း ရွာသစ်တို့မှ ဘာသာရေး အဆောက်အဦးများ၊  ဆေးပေးခန်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အပါအဝင် အဆောက်အဦးပေါင်း ၆၀ ဝန်းကျင်ပျက်စီး ဆုံးရုံးခဲ့ရကြောင်း သိရသည်။

“လေတိုက်တာက မနေ့က မနက်ပိုင်း ၇နာရီ ၁၅ လောက်မှာ တိုက်တာပါ။ လေတိုက်ပြီး မကြာခင်မှာ ကျွန်တော် အဲဒီကျေးရွာတွေကို သွားကြည့်တော့  နှစ်ရွာပေါင်းပျက်စီး အိမ်ခြေနဲ့ တခြား အဆောက်အဦးတွေက ၇၅ ရာခိုင်နှုန်းလောက်ထိ ပျက်စီးသွားပါတယ်။ အပျက်အစီး များတာကတော့  သံချောင်းရွာသစ်မှာ ပိုများပါတယ်။ အဲဒီရွာမှာ လုံးဝပျက်စီးသွားတဲ့ အဆောက်အဦးကတော့ ၁၆ ဆောင်ရှိပါတယ်။ အခုအဲဒီမိသားစုတွေဟာ  ဆွေမျိုးအိမ်တွေမှာ ယာယီ တည်းခိုနေကြပါတယ်။”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ယင်း လေဘေးဒုက္ခသည်များအား မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ၎င်းတို့အတွက် အစား ဆန်ရေများ လာရောက် အကူအညီပေးထားကြောင်း၊  ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း ဝန်ကြီးချုပ် ကိုယ်တိုင်ရောက်ရှိလာပြီး နေအိမ်ပျက်စီးသွားသည့် မိသားစုများအား တစ်အိမ်ထောင်လျှင် ကျပ်ငွေငါးသိန်းစီနှင့်  မုန့်ပဲသရေစာများကို ထောက်ပံ့ပေးသွားသော်လည်း နေထိုင်ရန်အတွက် စီစဉ်ပေးခြင်း မရှိကြောင်း ကျေးရွာသားများက ဆိုသည်။

“ကျွန်တော်တို့ရွာကို လေမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အတွက်ကြောင့် အိမ်တွေတော်တော်များများ ပျက်စီးသွားပါတယ်။  ဒီမနက်က ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာတွေရောက်လာပြီး တစ်အိမ်ကို ငွေ ငါးသိန်းနဲ့ မုန့်တွေပေးသွားခဲ့ပါတယ်။  ပျက်စီးသွားတဲ့အိမ်တွေကို ပြန်ပြင်ဖို့အတွက်ပါ။ အဲဒီငွေနဲ့ တစ်ချို့အိမ်တွေကို ပြုပြင်ဖို့အတွက် လုံလောက်မှုရှိသလို  တစ်ချို့အိမ်တွေအတွက်တော့ မလုံလောက်နိုင်ပါဘူး။”ဟု လေဘေးဒုက္ခကြုံတွေ့ခံစားခဲ့ရသူ သံချောင်းရွာမှ ဦးအောင်သိန်းချေကပြောသည်။

ယင်းအပြင် ယနေ့နံနက်ပိုင်းတွင် လေဘေးဒါဏ်ခံခဲ့ရသည့်ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးပြီး မြောက်ဦးမြို့တွင်  ဌာနဆိုင်ရာများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့   တွေ့ဆုံကာ   မြောက်ဦးမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ရှေးလုပ်ငန်းစဉ်များအတွက် ဆက်လက် လုပ်ဆောင်ရန်လုပ်အပ်နေသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly