တရုတ်တွင် အစိုးရဝန်ထမ်းများကို နိုင်ငံခြားသားများနှင့် ချစ်ကြိုက်ခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်

တရုတ်တွင် အစိုးရဝန်ထမ်းများကို နိုင်ငံခြားသားများနှင့် ချစ်ကြိုက်ခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်

ဘေဂျင်း၊ ဧပြီ၊ ၂၂ ။              ။ တရုတ်နိုင်ငံတွင် အစိုးရဝန်ထမ်းများကို နိုင်ငံခြားသားများနှင့် ချစ်ကြိုက်ခြင်းမပြုရန် ပညာပေးနှိုးဆော်ချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။

တရုတ်အာဏာပိုင်များသည် ကာတွန်းရုပ်ပြဇာတ်လမ်းတစ်ခုကို အသုံးပြုကာ ထိုကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကာတွန်းရုပ်ပြဇာတ်လမ်းတွင် နိုင်ငံခြားသားကျောင်းသားတစ်ဦးက တရုတ်အစိုးရဝန်ထမ်းအမျိုးသမီးတစ်ဦးကို ပန်းစည်းများ၊ ရင်ခုန်စရာညစာများဖြင့်ဆွဲဆောင်ပြီး ချစ်ကြိုက်လာအောင် စည်းရုံးပြီးနောက် နိုင်ငံတော်လျှို့ဝှက်ချက်များ ရယူရန်ကြိုးစားပုံကို ဇာတ်လမ်းဆင်တင်ပြထားသည်။

တရုတ်အစိုးရသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သတ်ပြီး အသိပညာပေးမှုမြှင့်တင်ရေး စီမံချက်အသစ်တစ်ခုကို ယခုလအတွင်းတွင် စတင်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အစိုးရဝန်ထမ်းများကို သတိပေးလှုံ့ဆော်ထားသည့် ကာတွန်းစာစောင်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကာတွန်းစာစောင်တွင် နိုင်ငံတော်လျှို့ဝှက်ချက်ရယူရန်ကြိုးပမ်းမှုများတွေ့ရှိရပါက အရေးပေါ်ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်တစ်ခုကို ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ယင်းကာတွန်းပိုစတာများကို ကြေညာချက်ထုတ်ပြန်သည့်နေရာများအားလုံးတွင်ကပ်ထားရန်လည်း တရုတ်အာဏာပိုင်များ က ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ရပ်ကွက်၊ကျေးရွာအကြီးအကဲများကို သူလျှိုလုပ်ငန်းတားဆီးရေးနှင့်ပတ်သတ်ပြီး သင်တန်းပေးသွားမည်ဟုလည်း ပြောကြားထားသည်။

သို့သော် ဘေဂျင်းရှိလမ်းမများထက်တွင်မူ လူအနည်းငယ်ကသာ ထိုပညာပေးကာတွန်းကို အရေးတယူ အာရုံစိုက်ကြည့်ရှု့ကြသည်ကို တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly