ကဘူးလ် ဧပြီ ၁၉ ။ ။အာဖဂန်နစ္စတန်၏မြို့တော် ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု အင်္ဂါနေ့မနက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဟုယူဆရပြီး အာဖဂန်နစ္စတန်၏ အဓိကလုံခြုံရေးအေဂျင်စီဌာနကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် သေဆုံး၊ဒဏ်ရာရသူအချို့ရှိခဲ့ကြောင်း အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂန်နီ က အတည်ပြုပြောကြား ထားကာ အပြင်းအထန်ပြစ်တင်ရှုံ့ချကြောင်းလည်း အာဖဂန်အစိုးရအဖွဲ့ကထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုမှာ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံး နှင့် NATO ဦးဆောင်သည့်အာဖဂန်နစ္စတန်စစ်ဆင်ရေး ရုံးချုပ်တို့အနီးတွင် ဖြစ်ပွားသွားခဲ့ခြင်းလည်းဖြစ်သည်။
သို့ရာတွင် အမေရိကန်သံရုံးကရော၊ NATO ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ တို့ကပါ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အာဖဂန်တာလီဘန်များက နွေဦးထိုးစစ် စတင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးတစ်ပတ်အကြာတွင် ယခုကဲ့သို့ ကဘူးလ်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုတစ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အာဖဂန်နိုင်ငံတဝမ်းရှိ ရန်သူ့စခန်းများကို အကြီးစားတိုက်ခိုက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တာလီဘန်တို့က ခြိမ်းခြောက်ပြောကြားထားသည်။