ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ သင်္ကြန်ကာလ ရန်ကုန် နှင့် ပဲခူးမြို့တွင် ဖျော်ဖြေမည်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ သင်္ကြန်ကာလ ရန်ကုန် နှင့် ပဲခူးမြို့တွင် ဖျော်ဖြေမည်
သံချပ်တိုက်နေသည့် ဒေါင်းတို့မျိုးဆက်အဖွဲ့ (ဓာတ်ပုံ- ဒေါင်းတို့မျိုးဆက် facebook)

ရန်ကုန်၊ ဧပြီ ၉ ။  ။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းနှင့် ပဲခူးမြို့တွင် ဖျော်ဖြေမည် ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုပိုင်ရဲသူက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအပါအဝင် ကျောင်းသားငယ်လေးတွေ ကနေ ကျောင်းသားကြီးတွေ အထိပါဝင်တယ်။ ဒေါင်းတို့မျိုးဆက် စတင်ဖွဲ့စည်းတဲ့ အချိန်ကနေစပြီး အမြီးအမှောင့်မတည့်တာတွေကို ပြည်သူကို ထုတ်ပြောဖို့ စီစဉ်ခဲ့တာပါ။ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိစ္စတွေ ဖွဲ့စည်းပုံ ကိစ္စတွေပါပါမယ် " ဟု ဖြေကြားသည်။

ကိုပိုင်ရဲသူသည် ယမန်နေ့ညပိုင်းကမှ ပြန်လည်လွတ်မြောက်လာသော တကသ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

" ဧပြီ ၁၁ရက်နေ့ကနေ စတင်ဖျော်ဖြေပါမယ်။ ကျောင်းသားတွေအပါအဝင် ဝန်းရံပြည်သူ စုစုပေါင်း ၆၀လောက်ပါပါတယ်။ သံချပ်ထိုးရာမှာတော့ ပြည်တွင်းငြိမ်းချမ်းရေး မြစ်ဆုံကိစ္စ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး စတဲ့ အကြောင်းအရာတွေ ပါမှာပါ " ဟု တကသ အဖွဲ့ဝင် ကိုအောင်လေးက မဇ္ဈိမကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရအစိုးရသစ်အနေဖြင့် ဧပြီ ၈ရက်က သာယာဝတီထောင်နှင့် အင်းစိန်အကျဉ်းထောင်မှ ကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး သြင်္ကန်ကာလ သံချပ်ထိုးခြင်းနှင့်ပတ်သက်၍လည်း လွတ်လပ်စွာ သံချပ်ထိုးနိုင်ကြောင်း ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly