ကနေဒါက မြန်မာ့ဒီမိုကရေစီခိုင်မာအားကောင်းရေးအတွက် ကန်ဒေါ်လာ ၄၄ သန်း ကူညီသွားမည်

ကနေဒါက မြန်မာ့ဒီမိုကရေစီခိုင်မာအားကောင်းရေးအတွက် ကန်ဒေါ်လာ ၄၄ သန်း ကူညီသွားမည်
ကနေဒါနိုင်ငံခြားရေးဝန်ကြီး STEPHANE DION၏ သတင်းစာရှင်းလင်းပွဲကို ဧပြီလ ရရက် ညက ရန်ကုန်မြို့ ချက်ထရီယန်ဟိုတယ်တွင် ကျင်းပခဲ့စဉ်။ (ဓာတ်ပုံ-သက်ကို၊မဇ္ဈိမ)စီမံကိန်း လေးခုအတွက် ကနေဒါဒေါ်လာ ၄၄သန်း (အမေရိကန်ဒေါ်လာ ၄၄သန်းခန့်) ကနေဒါက ထောက်ပံ့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖက်ဒရယ်စနစ်ကို သွားနိုင်ရေးအတွက် ဗဟိုအုပ်ချုပ်မှုလျော့ချရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် စီမံကိန်းလေးခုအတွက် ကနေဒါအစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ (၄၄)သန်းခန့် ထောက်ပံ့ပေးသွားမည်ဟု ဧပြီ ၇ရက်က ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာStephane Dionက အတည်ပြုပြောကြားခဲ့သည်။ 

ကနေဒါနိုင်ငံခြားရေးဝန်ကြီး စီတီဖင်ဒီယွန်၏ မြန်မာနိုင်ငံသို့ ၃ ရက်ကြာအလည်အပတ်ခရီးစဉ်အတွင်းတွင် ယခုကဲ့သို့ အကူအညီပေးမည့် ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“နှစ်ပေါင်းငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီအစိုးရအာဏာရလာတဲ့အတွက်  အများပြည်သူပါဝင်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ သတ္တိရှိရှိ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကနေဒါအစိုးရက မြန်မာနိုင်ငံအတွက် ဂုဏ်ယူမိပါတယ်”လို့ ကနေဒါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Stephane Dionက ပြောသည်။

ကနေဒါအစိုးရအနေဖြင့် မြန်မာနိုင်ငံကို ပိုမိုငြိမ်းချမ်းတိုးတက်သည့် အနာဂတ်သစ်အတွက် အုတ်မြစ်ချရာတွင် ကူညီပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

ကနေဒါအစိုးရမှ ထောက်ပံ့သွားမည့် စီမံကိန်းများတွင် ဗဟိုအုပ်ချုပ်မှု လျော့ချရေး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက် ရယူမှုနှင့် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေးနှင့် အမျိုးသမီးများအတွက် အခွင့်အလမ်းများနှင့် နည်းပညာသစ်များ လက်လှမ်းမီစေရေး စသည်တို့ ပါဝင်သည်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးမစ္စတာ Stephane Dionသည် မြန်မာနိုင်ငံတွင်း ဧပြီ ၆ရက်မှ ၈ရက်အထိ လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန့်မြင့်ဦးစသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါခရီးစဉ်သည် နှစ်ပေါင်းငါးဆယ်တွင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ အာဏာရလာချိန်၌ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

Ref: Global Affairs Canada

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly