တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန် ဆက်လက်မြင့်တက် အထက်ပိုင်းများတွင် နေရာကွက်ကျားမိုးရွာနိုင်

08 April 2016
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန် ဆက်လက်မြင့်တက် အထက်ပိုင်းများတွင် နေရာကွက်ကျားမိုးရွာနိုင်

ကျန်းမာတော်မူကြပါသား ခင်ဗျာ။ အခုတစ်ပတ် ကျွန်တော် တင်ပြမှာကတော့ ပြီးခဲ့တဲ့ ရက်တစ်ပတ်အတွင်း မြန်မာနိုင်ငံနဲ့ အနီး ပတ်ဝန်ကျင် ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသ အခြေနေတွေနဲ့ လာမည့် ရက်တစ်ပါတ်အတွင်း ရေဘုယျအားဖြင့် ကြုံတွေ့နိုင်တဲ့ မိုးလေဝသ အခြေနေ ကြိုတင်သုံးသပ်ချက်တို့ကို တင်ပြသွားမှာဖြစ်ပါတယ်။

အပူချိန်ဆက်လက်တိုးမယ်

အခုဆိုရင် ရာသီကာလ အပိုင်းခြားအနေနဲ့  ၂၀၁၆ ခုနှစ်ရဲ့ နွေရာသီ ကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နွေရာသီကာရဲ့ အစဉ်လာအတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ နေ့အပူချိန်တွေဟာ တစ်နေ့ ထက်တစ်နေ့ ပိုမိုမြင့်တက်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ မြေပြန့်ပိုင်း ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်း တောင်ပိုင်းတို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိနေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ နေ့အပူချိန်တွေဟာ ရေဘုယျအားဖြင့် ၄၀ ဒီဂရီစင်တီဂရိတ် မှ ၄၅ ဒီဂရီစင်တီဂရိတ် လောက်ထိ မြင့်တက်နေလေ့ရှိပါတယ်။ ကျန်ဒေသတွေမှာတော့ နေ့အပူချိန်တွေဟာ အကြမ်းအားဖြင့် ၃၀ မှ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ထိ မြင့်တက်နေပါတယ်။

 မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံ မြောက်ဖျားစွန်းဒေသမကြာခဏ မိုးရွာ

လက်ရှိအချိန်ဟာ နွေကာလ ဖြစ်ပေမယ့်လို့ မြန်မာနိုင်ငံ မြောက်ဖျားစွန်းဒေသ တောင်ဖျားစွန်း ဒေသတွေမှာတော့ မကြာခဏ မိုးရွာနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ နွေရာသီရဲ့ အပူချိန်မြင့်မားမှု အနေထားပေါ်မှာ ရေငွေ့ပါတဲ့ လေများ အထူးသဖြင့် ဘင်္ဂလားဒေ့ နိုင်ငံဘက်ကနေပြီးတော့ မြန်မာနိုင်ငံ အနောက်မြောက်အရပ်ကို တိုးဝင်လာတဲ့ အခါမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲလို မိုးတိမ်တောင်များဖြစ်ပေါ်တဲ့ အခါ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများမှာ မိုးတိမ်တောင်များ ကြောင့် နေရာကွက် မိုးကြီးခြင်း မိုးချိန်းခြင်း လျှပ်စီးလက်ခြင်း အထူးသဖြင့် မိုးသီးကြွေခြင်း မိုးကြိုးပစ်ခြင်း၊ ဒါတွေဟာ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ပုံမှန်ထက် နှိုင်းစာမယ်ဆိုရင်တော့ ဒီဖြစ်စဉ်ဟာ အနည်းငယ်စောတယ်လို့ ဆိုနိုင်ပါတယ်။ သို့သောငြားလည်းပဲ ပြီးခဲ့တဲ့ရက်များအတွင်းက မြစ်ကြီးနားမှာ မိုးသီးများ ကြွေကျခဲ့တဲ့ ဖြစ်စဉ်တွေ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်အတွင် နေရာကွက် မိုးကြီးတဲ့အတွက် လယ်ကွင်းတွေ ရေမြှုပ်ရတဲ့ ဖြစ်စဉ်တွေဟာ ဒီလို အချိန်အခါမဟုတ် မိုးရွာသွန်းမှု တစ်နည်းပြောရင် မိုးတိမ်တောင်များကြောင့် မိုးရွာသွန်းမှုတို့ ဖြစ်ပါတယ်။

ပြင်းထန်တဲ့မိုးတိမ်တောင်ကြောင့် လေပြင်းများတိုက်ခိုက်နိုင်တဲ့အတွက် သတိထားသင့်

 မိုးတိမ်တောင်များဟာ လက်ရှိအချိန်က စပြီး နောက်လာမည့် လတွေ အထူးသဖြင့် မေလအကုန် ဇွန်လဆန်းလောက်အထိ သတိထားရမယ့် ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ မွန်းလွဲညနေပိုင်း အချိန်မှာ မိုးတိမ်တောင်များ ဖြစ်ရာကနေပြီးတော့ ရေဘုယျအားဖြင့် လျှပ်စီးလက်ခြင်း မိုးချိန်းခြင်း မိုးသက်လေပြင်း တိုင်ခတ်တတ်ခြင်း နေရာကွက် မိုးကြီးခြင်း ရံဖန်ရံခါ မိုးကြိုးပစ်ခြင်း ပိုမိုပြင်းထန်တဲ့ မိုးတိမ်တောင် ဖြစ်လာပြီဆိုရင်တော့ မိုးသီးကြွေခြင်း၊ လေပြင်းများ တိုက်ခတ်တတ်ခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်တတ်ခြင်း၊ စတာတွေ ကြုံတွေ့ရ တတ်ပါတယ်။ ဒါတွေဟာ အပျက်စီး အသေပျောက် ရှိစေမယ့် ဒီကာလရဲ့ သတိထားရမယ့် အချက် ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်

လက်ရှိအခြေနေမှာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ နေရောင်ခြည် ကောင်းစွာ ရရှိပြီးတော့ မိုးရွာသွန်းမှု အနေထား တိမ်ဖြစ်ပေါ်မှု အနေထားများလည်း လျော့နည်းတဲ့ အတွက် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများကလည်း မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသလို့ ခေါ်နိုင်မယ့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ အဲဒီဒေသမှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ တစ်ဆင့်တက်ပြီး အလွန်မြင့်တဲ့ အဆင့်မှာ ရှိနေပါတယ်။ ကျန်ဒေသ အားလုံးကတော့ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့်ဖြစ်တဲ့ လွန်ကဲတဲ့ အဆင့်ကို ရောက်နေတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်ကိုလည်း သတိပြုဖို့ လိုမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ဟာ အယ်နီညို ဖြစ်နေတဲ့ နှစ် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ မတ်လလောက်က စပြီးတော့ အယ်နီညို ဟာ ဖြစ်ပေါ်လာခဲ့ရာမှာ ဇွန်လမှာတော့ အယ်နီညို ဖြစ်ပြီလို့ ကြေငြာနိုင်ခဲ့ပါတယ်။ အဲဒီ ဇွန်လက စပြီး အယ်နီညိုဟာ တစ်စ တစ်စ မြင့်တက်လာခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလမှာ အယ်နီညို အင်အားဟာ အမြင့်ဆုံး အဆင့်မှာ ရောက်ရှိခဲ့ပါတယ်။ ဒီလို အင်အားအမြင့်ဆုံး ရောက်တဲ့ အချိန်မှာ အယ်နီညိုရဲ့ သမိုင်းစဉ်တစ်လျောက် နှစ်ပေါင်း ၅၀၀ ကျော် ကာလကို ပြန်လည်ကြည့်တဲ့အခါ လက်ရှိ ၂၀၁၅/၁၆ မှာ အယ်နီညိုရဲ့ အင်အားဟာ သမိုင်းမှာ အားအကောင်းဆုံးအယ်နီညို အင်အား ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၅ ဒီဇင်ဘာက ကာလကို ကျော်လွန်ပြီး ၂၀၁၆ ခုနှစ်အတွင်း ရောက်လာတဲ့အခါမှာတော့ အယ်နီညိုရဲ့ အင်အားဟာ အမြင့်ဆုံးကို ရောက်ပြီး ဖြစ်တဲ့အတွက် တစ်ဖြေးဖြေးပြန်လည် ကျဆင်းလာပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ အယ်နီညိုရဲ့ အင်အားဟာ အားကောင်းတဲ့ အဆင့်မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။

အယ်နီညို အားအသင့်တင့်အဆင့်မှာ ဆက်လက်ရှိနေဆဲ

 အဲဒီနောက် မတ်လအတွင်းဝင်လာတဲ့အခါမှာတော့ အယ်နီညိုရဲ့ အင်အားဟာ လွန်ခဲ့တဲ့ ၁၂လအတွင်း ပထမဆုံးအချိန်အဖြစ် အားအသင့်တင့်ကို ကျဆင်းလာခဲ့ပါတယ်။ လက်ရှိအချိန်နေမှာတော့ အယ်နီညိုရဲ့ အင်အားဟာ ဆက်လက်ကျဆင်းနေပေမယ်လို့ အားအသင့်တင့်အဆင့်မှာ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ သင်္ချာပုံစံတွေကို သုံးပြီးတော့ လက်ရှိအယ်နီညိုဟာ ဘယ်အချိန်မှာပြီးမလဲ ဆိုတာကို ခန့်မှန်းကြည့်တဲ့ အခါမှာတော့ ၂၀၁၆ ရဲ့ ဇွန်လမှာ အယ်နီညို ပြီးဆုံးနိုင်တယ်လို့ တွက်ချက် ရရှိထားပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ အချက်တစ်ခုက အယ်နီညို ပြီးဆုံးပေမယ့်လို့ အယ်နီညိုရဲ့ ထိခိုက်မှုများကတော့ နောက်လ အနည်းငယ် ကြာတဲ့အထိ ဆက်လက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ အယ်နီညိုက သမုဒ္ဒရာ ရေပြင်မှာ ဖြစ်တဲ့ ဖြစ်စဉ် ဖြစ်ပြီးတော့ ရာသီဥတုက လေထုမှာ ဖြစ်တဲ့ ဖြစ်စဉ် ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်တစ်ခုဟာ မီဒီယမ် ခြင်း မတူတဲ့အတွက် အချိန်ကွာဟမှု ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အယ်နီညိုရဲ့ ထိခိုက်မှုတွေကို ၂၀၁၆ စက်တင်ဘာလကုန်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ စက်တင်ဘာလကုန်ရင် မိုးရာသီလည်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်အယ်နီညိုရဲ့ ထိခိုက်မှုဟာ ၂၀၁၆ မိုးရာသီကုန်တဲ့အထိ ဆက်လက် ရှိနေအုံးမယ်လို့ တွက်ချက် ရရှိထားပါတယ်။

အယ်နီညိုကြောင့် အသက်ဆုံးရှုံးနိုင်

ဆက်လက်ပြီး တင်ပြလိုတဲ့ အကြောင်းအရာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ အပူချိန်ပြင်းထန်မှုကြောင့် အယ်နီညိုကြောင့် ထိခိုက်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း အယ်နီညိုကြောင့် ထိခိုက်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅မှာ အယ်နီညိုကြောင့် အလွန်ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကမ္ဘာ့နိုင်ငံကြီး ငါးနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ပူပြင်းတဲ့အယ်နီညို ရာသီဥတုကြောင့် အသက် ဆုံးရှုံးသူပေါင်းဟာ ၂၂၇၃၁ ဦး ရှိပါတယ်။ ပျက်စီးမှု တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၆၆.၅ ဘီလီယံအထိ ပျက်စီး ဆုံးရှုံးမှု ရှိခဲ့တဲ့အတွက် အယ်နီညိုရဲ့ ပထမ ခြောက်လမှာကို ပျက်စီး ဆုံးရှုံးမှုက များပြားနေပါတယ်။ ဒုတိယ ၆လ ဖြစ်တဲ့ ၂၀၁၆ ရဲ့ ပထမ ၆လအတွင်း ဖြစ်ပေါ်နိုင်တဲ့ ပျက်စီးဆုံးရှုံးမှုဟာ ဒီထက်ပိုနိုင်တယ်လို့ ပညာရှင်များ စိုးရိမ်နေကြပါတယ်။

မီးသတိပြုသင့်

မြန်မာနိုင်ငံမှာ အယ်နီညိုကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်မှုများ အနေနဲ့ ပူပြင်းတဲ့ နွေရာသီကို ကြုံတွေ့နေရတယ်။ ရေရှားပါးမှု ကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ကြုံတွေ့နေရတယ်။ အဲတာအပြင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် မီးလောင်ခြင်းကိုလည်း နေ့တိုင်းလိုလို ကြုံတွေ့နေရပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုရဲ့ ရာသီဥတုကြောင့် ၂၀၁၅ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သီးနှံထုတ်လုပ်မှုများကို လေ့လာကြည့်တဲ့အခါ အထူးသဖြင့် FAO ရဲ့ သုံးသပ်ချက်အရ စပါးဈေးနှုန်းများဟာ ပြီးခဲ့တဲ့၂၀၁၅ ဇွန်လကတည်းက တစ်ဖြေးဖြေး မြင့်တက်လာရမှ အောက်တိုဘာမှာ စပါးဈေးနှုန်းဟာ ၃၈. ၄% ထိ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။

အပူချိန်လွန်ကဲမှုကြောင့် ကျန်းမာရေးကိုဂရုစိုက်သင့်

အပူချိန်လွန်ကဲမှုကြောင့် မြန်မာနိုင်ငံမှာ သတိထားရမယ့် ပြဿနာတစ်ရပ်ကတော့ ကျန်းမာရေး ပြဿနာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅မှာ အလွန်ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ခဲ့တဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ခဲ့ရာမှာ အဆိုးဆုံးနိုင်ငံဟာ ဘရာဇီး ဖြစ်ပါတယ်။ အဲဒီ ဘရာဇီးက ရာသီဥတု အလွန်ပူပြင်းခြောက်သွေ့တဲ့အတွက် ကမ္ဘာပေါ်မှာ အပေါ်ဖူးသေးတဲ့ ကူးဆက်တတ်တဲ့ ဗိုင်းရစ်အသစ်တစ်မျိုး စတင်ပေါက်ဖွားလာပါတယ်။ ဒီဗိုင်းရစ်ကို ဇီကာလို့ ခေါ်ပါတယ်။ ဒီဇီကာရောဂါပိုး ကူးဆက်ခံရသူတွေဟာ ဘရာဇီးနိုင်ငံမှာ လူပေါင်းတစ်သန်း သုံးသိန်းရှိနေပြီ ဖြစ်ပါတယ်။ ဒီဗိုင်းရစ်ပိုး ကူးဆက်ခံရတဲ့သူဟာ ရေဘုယျအားဖြင့် တုတ်ကွေးရောဂါရဲ့ လက္ခာဏာများ ကြုံတွေ့ရပြီးတော့ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးများ ကူးဆက်ခံရရင်တော့ မွေးဖွားလာတဲ့ ကလေးတွေဟာ ဉာဏ်ရည် မမှီတဲ့ ဦးခေါင်းသေးတဲ့ ရောဂါကို ရရှိစေတတ်ပါတယ်။ ဘရာဇီးနိုင်ငံတစ်ခုတည်းမှာပဲ အဲဒီရောဂါနဲ့ မွေးလာတဲ့ ကလေးပေါင်းဟာ လက်ရှိအခြေနေမှာ ၅၅၀၀ ကျော်ထိ ရှိနေပြီ ဖြစ်ပါတယ်။ ဆိုးတဲ့အချက်ကတော့ ဘရာဇီးက စခဲ့တဲ့ ဇီကာဗိုင်းရစ်ဟာ ကမ္ဘာ့နိုင်ငံ ၂၇နိုင်ငံကို ပျံနှံနေပြီ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီပျံနှံတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံ တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံများ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါပိုးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာဖို့ အလားလားအလွန်များပါတယ်။ ဇီကာဗိုင်းရစ်ပိုးဟာ ခြင်းကတစ်ဆင့် ကူးဆက်တဲ့ သဘောသဘာဝ ရှိတဲ့အတွက် ခြင်တွေပေါက်ဖွားလာမယ့် လာမယ့် မိုးဦးကျ ရာသီမှာ ခြင်ကို သတိပြုပြီးတော့ ဂရုစိုက် ကာကွယ်ဖို့ လိုတယ်လို့ တင်ပြလိုပါတယ်။

နေပူထဲသွားပါက အကာကွယ်ဖြင့်သာသွားသင့်

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ သာစည်မြို့နယ်မှာ ပူပြင်းတဲ့ အယ်နီညို ရာသီဥတုကြောင့် ဇီကာရောဂါပိုး မရောက်သေးပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ကလေးသူငယ်များမှာ ဦးခေါင်း အမှေးပါးရောင်တဲ့ရောဂါ ဖြစ်ပြီး ကွယ်လွန်သူ ကလေးသူငယ် ၈ဦးခန့် ရှိနေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်း ကလေးနှစ်ဦး ကွယ်လွန်ခဲ့ပြီ ဖြစ်တဲ့အတွက် မိဘများအနေနဲ့ အလွန်ပူပြင်းတဲ့ နွေရာသီကာလမှာ မိမိတို့ ကလေးများကို နေပူထဲကို အကာ ကွယ်မဲ့ မသွားဖို့ ထိန်းသိမ်းစောင့်ကြပ်ဖို့ လိုတယ်ဆိုတာကိုလည်း တင်ပြလိုပါတယ်။

မုန်တိုင်းဖြစ်ဖို့ အလားအလာမရှိ

နောက်ဆုံးတင်ပြလိုတဲ့အချက်ကတော့ လာမည့်တစ်ပါတ်အတွက် မိုးလေဝသ ခန့်မှန်းချက် ဖြစ်ပါတယ်။ လာမယ့် တစ်ပါတ် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ အလားလာ မရှိသေးပါဘူး။ ဘင်္ဂလားပင်လယ်အော်ရဲ့ တောင်ပိုင်းမှာ တိမ် အသင့်တင့် ဖြစ်ထွန်းနိုင်ပါတယ်။ ကျန် ဘင်္ဂလားပင်လယ်အော်မှာတော့ အများအားဖြင့် သာယာမယ်လို့ပဲ ခန့်မှန်းရပါတယ်။ မြန်မာ့ကမ်းရိုးတန်း ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ပဲ ရှိပြီး လှိုင်းအမြင့်ကလည်း အများဆုံး တစ်ပေမှလေးပေခန့်သာ ရှိနိုင်ပါတယ်။ လာမည့်တစ်ပါတ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်စွန်းဒေသ တောင်ဘက်စွန်းဒေသ အထူးသဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာနိုင်ငံ တောင်ပိုင်းစွန်းမှာဆိုရင် တနင်္သာရီတိုင်းတို့မှာ အထူးသဖြင့် မွန်းလွဲ ညနေပိုင်းတို့မှာ မိုးတိမ်တောင်များ ဖြစ်နိုင်ပါတယ်။ ဒီမိုးတိမ်တောင်တွေ ဖြစ်ရင်တော့ နေရာကွက်မိုးကြီးတာတွေ မိုးကြိုးပစ်တာတွေ လေပြင်းတိုက်တာတွေ ဒါတွေကိုသတိထားဖို့ လိုမှာဖြစ်ပါတယ်။

လာမည့်တစ်ပတ်အတွင်း အပူချိန်ဆက်လက်မြင့်တက်မည်

 နေ့အပူချိန်များ အနေနဲ့တော့ လာမယ့် တစ်ပါတ်အတွင်းမှာ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း တောင်ပိုင်းအစွန်းနဲ့ ဧရာဝတီတိုင်း အရှေ့ပိုင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်း၊ တနင်္သာရီတိုင်း တောင်ပိုင်းတို့မှာ နေ့အပူချိန်တွေဟာ ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက် နိုင်ပါတယ်။ ကျန်ဒေသတွေမှာတော့ နေ့အပူချိန်တွေဟာ ယေဘုယျ ၃၀မှ ၃၉ /၄၀ ဒီလောက်ထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ နေရာကွက်ကျားမိုးရွာနိုင်

ခရမ်းလွန်ရောင်ခြည် အနေနဲ့တော့ လာမည့်တစ်ပါတ်အတွင်း တစ်နိုင်ငံလုံးမှာ လွန်ကဲတဲ့အဆင့်ကို ရောက်ရှိနိုင်ပြီး မိုးရွာသွန်းမှု ခန့်မှန်းချက်ကတော့လာမည့် တစ်ပါတ်အတွင်းမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ် တနင်္သာရီတိုင်းတို့မှာ တစ်ရက်မှသုံးရက်ခန့် နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းနိုင်ပြီးတော့ ကျန်ဒေသအားလုံးကတော့ အများအားဖြင့် သာယာနိုင်တယ်လို့ ခန့်မှန်းရရှိထားပါကြောင်း တင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း သဘာဝဘေး အန္တရာယ်အပေါင်းမှ အစဉ်ကင်းဝေးနိုင်ကြပြီးတော့ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့လည်း ပြည်စုံနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly