ယုဇနဥယျာဉ်အိမ်ရာတွင် အပေါ်ဆုံးထပ်များ ရေပြတ်တောက်လျက်ရှိ

ယုဇနဥယျာဉ်အိမ်ရာတွင် အပေါ်ဆုံးထပ်များ ရေပြတ်တောက်လျက်ရှိ

ရန်ကုန်၊ ဧပြီ ၇ ။              ။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာရှိ အဆောက်အဦး အပေါ်ဆုံးအလွှာများတွင် မတ် ၂၆ ရက်နေ့ကတည်းက ရေပြတ်တောက်လျက်ရှိကြောင်း ယင်းအိမ်ရာ တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“ကျွန်မတို့နေတဲ့ အပေါ်ဆုံးအလွှာတွေကို ရေမရောက်တာ ပြီးခဲ့တဲ့လ ၂၆ ရက် ကတည်းကပါ။ ရေလာရင်လည်း နည်းနည်းပဲလာတယ်။ ရေအားကောင်းမယ့် အချိန်လည်းရောက်ရော ရေပေးတာ ရပ်လိုက်တော့ ကျွန်မတို့ အခက်အခဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရေတစ်စည်လျင် လေးထောင်ကျပ်ဖြင့် ဝယ်သုံးနေရသော်လည်း နေ့စဉ်ဝယ်သုံးရန် အစဉ်မပြေ အခက်အခဲ ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ ရေကားငါးစီးနဲ့ ရေအခက်အခဲဖြစ်တဲ့သူတွေကို ရေလိုက်ပေးနေပါတယ်။ အိမ်တိုင်ရာ ရောက်မဟုတ်ပေမယ့် ကိုယ်တိုင်တော့ လာခပ်ရတာပေါ့လေ။ မနေ့ကဆို ညနေ ၆ နာရီကနေ ည ၂ နာရီလောက်အထိ ရေလွှတ်ပေးထားပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ်၊ စည်ပင်သာယာရေး အင်ဂျင်နီယာဌာန၊ ရေသန့်စင်ရေးတာဝန်ခံ ကိုဇော်ဇော်ဦးက ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးပြတ်တောက်မှုမှ ရေပေးဝေရာတွင် နှောင့်နှေးမှုများ ဖြစ်နိုင်ကြောင်း၊ အမှတ်(၂) လမ်းမကြီးတွင် တည်ဆောက်လျက်ရှိသော လဂွန်းပြင် ရေပေးဝေရေးစခန်း ပြီးစီးမှသာ ဒဂုံဆိပ်ကမ်း မြို့နယ်အားလုံး ရေအပြည့်အ၀ ရနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒဂုံမြို့နယ်ရှိ ယုဇနဥယျာဉ်အိမ်ရာသည် နှစ်စဉ် ရေပြတ်တောက်မှု အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ယင်းနေရာတွင် နေထိုင်သူများမှာ ရေပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ကို စိုးရိမ်လျက် ရှိသည်။

ယုဇန အိမ်ရာတွင် စည်ပင်ရေပိုက်လိုင်းကို တစ်ခန်းလျှင် ကျပ် တစ်သိန်းကျော်ဖြင့် ၂၀၁၅ခုနှစ် ဧပြီလက တပ်ဆင်ပေးထားခြင်းဖြစ်ကာ ပုံမှန်ရေလာရက်များတွင် ပြတ်တောက်နေကြောင်း ၊ရေလာသော်လည်း အပေါ်ထပ်များသို့မရောက်ကြောင်း၊လမ်းရေကော်မတီများက အပေါ်ထပ်များသို့ မော်တာတပ်ဆင်၍ ရေတင်ရန်ပြောသည့်အတွက် မော်တာဖြင့်ရေတင်သော်လည်း ရေလက်သန်း လုံးခန့်သာ ခဏလာကြောင်း ယင်းအိမ်ရာ B block တွင် နေထိုင်သူတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly