၂၀၁၆ ခုနှစ် မတ်လအထိ လူကုန်ကူးခံရသူ ၁၀၁ ယောက်ရှိခဲ့

၂၀၁၆ ခုနှစ် မတ်လအထိ လူကုန်ကူးခံရသူ ၁၀၁ ယောက်ရှိခဲ့

ရန်ကုန်၊ ဧပြီ ၆ ။         ။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ လူကုန်ကူးမှု ၃၄ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူဦးရေမှာ ၁၀၁ ယောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

၂၀၁၆ ခုနှစ် အတွင်း လူကုန်ကူးမှုများမှာ ဇန်နဝါရီလတွင် ၁၂ မှု၊ ဖေဖော်ဝါရီလတွင် ၁၂မှုနှင့် မတ်လတွင် ၁၀ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဇန်နဝါရီလတွင် ၇မှု၊   ဖေဖော်ဝါရီလတွင် ၈မှု မတ်လတွင် ၁၄ မှု စုစုပေါင်း ၂၉မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူဦးရေမှာ ၉၇ ဦးရှိခဲ့သည်။

နှစ်နှစ်တာ လူကုန်ကူးခံရမှု စာရင်းများကို နှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ်တွင် ပိုမိုများလာခြင်းမှာ လူကုန်ကူးခံရမှု ပိုမိုများပြားလာခြင်းကြောင့် မဟုတ်ဘဲ လူထုအသိပညာကြွယ်ဝလာ၍ ရဲဌာနသို့ သတင်းပေးမှုများကြောင့် လူကုန်ကူးမှုများ ပိုမိုဖမ်းဆီးမိခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဒုရဲမှူး မင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူး မင်းနိုင်က “သိသိနဲ့ တရုတ်ကို ငွေရေးကြေးရေးကြောင့် လူကုန်ကူးခံလိုက်တဲ့သူတွေ ရှိပါတယ်။   မသိလို့သွားရင်းနဲ့ လူကုန်ကူးခံရတာတွေရှိတယ်။” ဟုပြောသည်။

လူကုန်ကူးမှုများဖြစ်ပေါ်နေရသည့် အဓိကအကြောင်းအရင်းမှာ ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်း၊ ပြင်ပတွင်ရရှိသည့် အခြေခံ လစာမှာ မြန်မာနိုင်ငံထက်ပိုမိုများပြားခြင်းနှင့် လူကုန်ကူးခံရသူ၏ အသိပညာ အားနည်းမှုတို့ကြောင့်ဖြစ်သည်ဟု ဒုရဲမှူး မင်းနိုင်က ဆက်လက်ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူ ၁၀၁ ဦးအနက်လူကြီး ၈၁ဦး၊ လူငယ်၁၂ဦး ကလေးသူငယ် ၈ ဦးတို့ဖြစ်ပြီး ယင်းတို့အနက် ၈၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၅ ဦးကို ကယ်တင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ လူကုန်ကူးမှု  ၃၄ မှုကို ကျူးလွန်သူ စုစုပေါင်း ၁၀၅ ဦးရှိပြီး ၄၃ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

လူကုန်ကူးမှုများမှ ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးဖြစ်ပွားသည့် နေရာမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်သည်။

လူကုန်ကူးမှုများကို စုံစမ်းဖော်ထုတ်ရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမှုများရှိပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မတူညီသဖြင့် အခက်အခဲအချို့ရှိသည်ဟု ဒုတိယ ရဲမှူးကြီး ထက်နောင်က ပြောသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ ဒုတိယ ရဲမှူးကြီး ထက်နောင်က “လေးနိုင်ငံ၊ နှစ်နိုင်ငံ အစည်းဝေးတွေ ကျင်းပတာရှိပါတယ်။ MOU ထိုးထားတာတွေလည်းရှိပါတယ်။ ”ဟုပြောသည်။

လူကုန်ကူးမှု ကျူးလွန်ပါက ကျူးလွန်သည့် အပြစ်ပေါ်မူတည်၍ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ ဆယ်နှစ်အထိ ချမှတ်နိုင်ငံသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ကသိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required