အနီကတ် ပြခဲ့သည့် ကွင်းလယ်ဒိုင်ကို ပြိုင်ပွဲကြီးများကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးဟု တောရက်စ် ဝေဖန်

အနီကတ် ပြခဲ့သည့် ကွင်းလယ်ဒိုင်ကို ပြိုင်ပွဲကြီးများကိုင်တွယ်ရန် အဆင်သင့်မဖြစ်သေးဟု တောရက်စ် ဝေဖန်

ဧပြီ ၆၊ စပိန် ။                ။ ဘာစီလိုနာကို နူးကမ့်ကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အက်သလက်တီကို တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်သည် ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

တောရက်စ်သည် အက်သလက်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် သွင်းယူခဲ့ပြီး ပွဲချိန် ၃၅ မိနစ်တွင် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ တောရက်စ်ထုတ်ပယ်မခံရမီအချိန်တွင် ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်သည် အက်သလက်နောက်ခံလူ ဂျူအန်ဖရန်ကို အလားတူ ပြစ်ဒဏ်မျိုး ကျူးလွန်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ပေးရန် ပျက်ကွက်ခဲ့သည်။

ဆွာရက်စ်သည် ထိုပွဲစဉ်တွင် အနီကတ် ပြသခံရလောက်သည့် ပြစ်ဒဏ်မျိုး နှစ်ကြိမ် ကျူးလွန်ခဲ့သော်လည်း အပြစ်ပေးမခံခဲ့ရပေ။ ထို့နောက်တွင် ၎င်းမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့သည်။

ပွဲအပြီး၌ တောရက်စ်က ၎င်း၏ ကစားသမားဘဝတွင် အဆိုးရွားဆုံး ပွဲစဉ်တစ်ပွဲဖြစ်ကြောင်း ဆိုခဲ့ပြီး ယူအီးအက်ဖ်အေနှင့် ကွင်းလယ်ဒိုင် ဖီးလစ်ဘရက်စ်ကို ဝေဖန်ခဲ့သည်။ ဒိုင်လူကြီး ဖီးလစ်ဘရက်စ်သည် ပြိုင်ပွဲကြီးကို ကိုင်တွယ်ရန် အဆင်သင့် မဖြစ်သေးကြောင်း တောရက်စ်က ပြောသည်။

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီကလည်း တောရက်စ်၏ အနီကတ်နှင့် ပတ်သက်၍ စိတ်ထဲတွင် ဘယ်လိုရှိသည်ကို မပြောနိုင်ကြောင်း ဆိုခဲ့သည်။

'တောရက်စ်ကို စိတ်မဆိုးပါဘူး။ သေချာပါတယ်။ ဒီပွဲနဲ့ ဒိုင်လူကြီးအကြောင်းကို ကျွန်တော် ဘာတွေတွေးပြီး ဘာတွေပြောချင်နေလည်းဆိုတာကိုလည်း အားလုံး ပြောပြမှာ မဟုတ်ပါဘူး။ အဲ့ဒါလည်း သေချာပါတယ်။

အက်သလက်အသင်းကို နည်းပြရလို့ ပျော်ပါတယ်။ ပြိုင်ဘက်က အလွန်ကောင်းမွန်ပြီး ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ သူတို့ကို ဗင်းဆင့်တေးကယ်ဒါရွန်ကွင်းမှာ ပြန်တွေ့ပါဦးမယ်။ အဲ့ဒီပွဲမှာ အက်သလက် ပရိသတ်တွေက သီချင်းတွေသံပြိုင်သီဆိုပြီး တစ်ခဲနက်အားပေးဦးမယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောရဲပါတယ်' ဟု ဆီမြွန်နီက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly