ဒိုင်လူကြီးနှင့် အချင်းများခဲ့သည့် နာပိုလီတိုက်စစ်မှူး ဟီဂူအင် လေးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

ဒိုင်လူကြီးနှင့် အချင်းများခဲ့သည့် နာပိုလီတိုက်စစ်မှူး ဟီဂူအင် လေးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

ဧပြီ ၆၊ အီတလီ ။               ။ အူဒီးနီးစ်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်လူကြီးနှင့် အချင်းများခဲ့သော နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို အီတလီဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ လေးပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

လက်ရှိ စီးရီးအေတွင် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသော ဟီဂူအင် ပွဲပယ်ခံရသောကြောင့် စီးရီးအေချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသည့် နီပိုလီအသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

ထိုပွဲပယ်ပြစ်ဒဏ်ကြောင့် ဟီဂူအင်သည် လာမည့် ဗီရိုနာ၊ အင်တာမီလန်၊ ဘိုလော့ဂ်နာ၊ ရိုးမားတို့နှင့် ပွဲစဉ်များကို လွဲချော်ရတော့မည် ဖြစ်သည်။

အူဒီးနီးစ်နှင့် ပွဲစဉ်တွင် ဟီဂူအင်သည် ပွဲပြီးဆုံးရန် ၁၅ မိနစ်အလိုတွင် ၂ ဝါ ၁ နီဖြင့် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။ ဟီဂူအင်မှာ အနီကတ်ပြသခံရပြီး ချက်ချင်းဆိုသလိုပင် ကွင်းလယ်ဒိုင်၏ ရင်ဘတ်ကို တွန်းကာ စောဒကတက် ပြောဆိုခဲ့သည်။ ထို့နောက် နှစ်ဘက်အသင်းမှ ကစားသမားများ ဝိုင်းဝန်းတားဆီးနေသည့်ကြားမှ ဒိုင်လူကြီးကို ဒေါသတကြီးဖြင့် အော်ဟစ် ပြောဆိုခဲ့သည်။

ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးက ဟီဂူအင်ကို လေးပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ ယူရိုနှစ်သောင်း ပေးဆောင်ရန် ပြစ်ဒဏ်ချခဲ့သည်။

စီးရီးအေပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ် ၇ ပွဲသာ ကျန်ရှိတော့ပြီး လက်ရှိတွင် နာပိုလီမှာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဂျူဗင်တပ်စ်နှင့် ခြောက်မှတ် ကွာဟလျက်ရှိသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly