တိုက်စစ်မှူး အီဗန်ကို စာချုပ်အသစ်အတွက် ဟံသာဝတီအသင်း ကမ်းလှမ်းသွားမည်

တိုက်စစ်မှူး အီဗန်ကို စာချုပ်အသစ်အတွက် ဟံသာဝတီအသင်း ကမ်းလှမ်းသွားမည်
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ခုတွင် ဘရာဇီးတိုက်စစ်မှူး အီဗန်အား တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် အသစ်ခေါ်ယူခဲ့သော ဘရာဇီး တိုက်စစ်မှူး အီဗန်အား သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းသွားမည်ဟု ဟံသာဝတီ အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ဆိုသည်။ အဆိုပါ ဘရာဇီး တိုက်စစ်မှူး အီဗန်သည် ဟံသာဝတီအသင်းသို့ ရာသီဝက်စာချုပ်ဖြင့် ပြောင်းရွေ့လာခဲ့ကာ လာမည့်=မေလအတွင်း စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက် သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“ အီဗန်ကို ဒုတိယအကျော့မှာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပါတယ်။ သူလည်း လက်ခံဖြစ်ဖို့ များပါတယ်။ အခြားအသင်းတွေ သူ့ကို စိတ်ဝင်စားနေတယ် ဆိုပေမယ့် ကျွန်တော်တို့ စာချုပ်ထပ်ချုပ်ဖြစ်အောင် ကြိုးပမ်းသွားမှာပါ။ သူက အခုလည်း အသင်းမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီအပြောင်းအရွေ့ ရာသီမှာတော့ အသင်းအတွက် အများကြီး အပြောင်းအလဲ မလုပ်ဖြစ်တော့ပါဘူး။ ပြည်တွင်းထဲက ကစားသမား ၃၊၄ ယောက် လောက်ပဲ ထပ်ဖြည့်သွားမှာပါ။ အလယ်တန်း တိုက်စစ်ပိုင်းကို ဦးစားပေးဖြည့်သွားမှာပါ ”ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတ ီယူနိုက်တက်တိုက်စစ်မှူး အီဗန်သည် လက်ရှိတွင် အသင်းနှင့်အတူ ခြေစွမ်းပြကစားနိုင်ကာ ပထမအကျော့ ရာသီပြီးဆုံးချိန်အတွင် အသင်းအတွက် ငါးဂိုးထိ သွင်းယူပေးထားနိုင်သည့် ကစားသမားတစ်ဦး ဖြစ်သည်။

ဟံသာဝတီအသင်းသည် ယခုနှစ်ဘောလုံးရာသီ ပထမအကျော့ ပွဲစဉ်များ ပြီးဆုံးချိန်တွင် ခြောက်ပွဲနိုင် သုံးပွဲသရေ နှစ်ပွဲရှုံး ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required