မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီးတွင် ရတနာပုံအသင်း ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့

မြန်မာနေရှင်နယ်လိဂ် ပထမအကျော့အပြီးတွင် ရတနာပုံအသင်း ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့
ရာသီဝက် ချန်ပီယံဖြစ်သွားသည့် ရတနာပုံအသင်းသားများ အောင်ပွဲခံနေစဉ်။ (ဓာတ်ပုံ MFF)

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များ ပြီးဆုံးချိန်တွင် ရတနာပုံအသင်းသည် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဒုတိယနေရာမှ ဟံသာဝတီအသင်းအား ရှစ်မှတ်ဖြတ်ကာ ရာသီဝက်ချန်ပီယံ ဖြစ်လာခဲ့သည်။ ရတနာပုံအသင်းသည် ပထမအကျော့ နောက်ဆုံးပွဲစဉ်တွင် အိမ်ကွင်း၌ လက်ရှိချန်ပီယံ ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိတ်အနယ် ကစားကာ ၃-၂ ဖြင့် အနိုင်ရခဲ့သည်။

ဒုတိယနေရာမှ ဟံသာဝတီ ယူနိုက်တက်အသင်းမှာမူ မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဇယားထိပ်မှ ရတနာပုံအသင်းနှင့် ရှစ်မှတ်အထိ ကွာဟလာခဲ့သည်။ အခြားပွဲစဉ်များတွင် ဧရာဝတီယူနိုက်တက် အသင်းသည် ဇွဲကပင်အသင်းအား အောင်ကျော်နိုင်၏ သွင်းဂိုးဖြင့် တစ်ဂိုး ဂိုးမရှိ ကပ်အနိုင်ရကာ အမှတ်ပေးဇယား တတိယနေရာသို့ တက်လှမ်းတက်နိုင်ခဲ့သည်။

ကျန်ပွဲစဉ်များတွင် ရခိုင်အသင်းက ရှမ်းအသင်းနှင့် တစ်ဂိုးစီသရေ ကျခဲ့သလို ချင်းအသင်းနှင့် ဇေယျာရွှေမြေ ပွဲတွင်လည်း တစ်ဂိုးစီ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

တန်းဆင်းဇုန်အတွင်းမှ ဟော်ရဇွန်အသင်းနှင့် ဆောက်သမ်း မြန်မာအသင်းတို့ ပွဲမှာမူ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ်များ ပြီးဆုံးချိန်၌ ရတနာပုံအသင်းက ကိုးပွဲနိုင် နှစ်ပွဲသရေ ရှုံးပွဲမရှိ ရလဒ်ဖြင့် ရမှတ် ၂၉ မှတ် ရရှိကာ ရာသီဝက် ချန်ပီယံဖြစ်လာခဲ့ပြီး ဟံသာဝတီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယ၊ ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၂၀ ဖြင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required