လီဗာပူးလ်နောက်ခံလူ ကိုအာတက်စ်ကို ဆန်းဒါးလန်း ခေါ်ယူ

လီဗာပူးလ်နောက်ခံလူ ကိုအာတက်စ်ကို ဆန်းဒါးလန်း ခေါ်ယူ

လီဗာပူးလ်၊ ဇူလိုင် ၂။ ။ ဆန်းဒါးလန်းအသင်းသည် လီဗာပူးလ်အသင်းမှ ဥရုဂွေးလက်ရွေးစင် နောက်ခံကစားသမား ဆီဗက်စတီယန်ကိုအာတက်စ်ကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ပြောင်းရွှေ့ကြေးကိုမူ နှစ်ဖက်အသင်းများက ဖော်ပြခြင်း မရှိခဲ့ပေ။

ကိုအာတက်စ်သည် ပြီးခဲ့သည့် ရာသီက ဆန်းဒါးလန်းအသင်းတွင် အငှားသွားရောက်ကစားခဲ့ပြီး ၁၃ ကြိမ် ပွဲထွက်ကစားကာ ဆန်းဒါးလန်းအသင်းကို ပရီးမီးယားလိဂ်တွင် ဆက်လက်ကစားခွင့် ရရန် ကူညီပေးနိုင်ခဲ့သည်။

ဆန်းဒါးလန်းအသင်းကို နည်းပြအက်ဗိုကက် ကိုင်တွယ်ပြီးနောက် ကိုအာတက်စ်သည် အဓိက နောက်ခံလူတစ်ဦးအဖြစ် ကစားခဲ့သူ ဖြစ်သည်။

ပရိသတ်များနှင့် အသင်းပိုင်ရှင်များ၏တောင်းဆိုမှုကြောင့် ဆန်းဒါးလန်းနည်းပြရာထူးကို အက်ဗိုကက်က ပြန်လည်လက်ခံခဲ့ပြီးနောက် ကိုအာတက်စ်သည် ဆန်းဒါးလန်းအသင်း၏ ပထမဆုံးခေါ်ယူမှု ဖြစ်သည်။

ကိုအာတက်စ်သည် လီဗာပူးလ်အသင်းတွင် လေးနှစ်ကြာကစားခဲ့ရာ၌ ပွဲထွက်ကစားသမားအဖြစ် ၁၇ ပွဲသာ ကစားခဲ့ရာသည်။
ဥရုဂွေးအသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်ခဲ့သည့် ကိုအာတက်စ်သည် လာမည့် အပတ်တွင် ဆန်းဒါးလန်းအသင်းနှင့်အတူ လေ့ကျင့်ခန်း စတင် ပြုလုပ်မည် ဖြစ်သည်။

ဆန်းဒါးလန်းအသင်း၏ အားကစားဒါရိုက်တာ ကွန်ဂါတွန်က 'ကိုအာတက်စ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက နည်းပြအက်ဗိုကက်ရဲ့ လက်အောက်မှာ အဓိက ကစားသမားအဖြစ် ကစားခဲ့တာပါ။ သူ့ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ သူဟာ ပရီးမီးယားလိဂ်အတွေ့အကြုံလည်း ရှိသူပါ။ ကျွန်တော့်တို့အသင်းမှာ အလျှင်အမြန်ပဲ အထိုင်ကျသွားပါလိမ့်မယ်' ဟု ပြောသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly