မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကိစ္စ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ မီးမောင်းထိုးပြ

မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကိစ္စ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ မီးမောင်းထိုးပြ
မြေမြှုပ်မိုင်းဒဏ် ခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားအချို့ကို ရှမ်းတပ်မတော်ဌာနချုပ် လွယ်တိုင်းလျန်းဒေသရှိ ဒုက္ခသည်စခန်းတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၅ ။                ။ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များသည် မြန်မာပြည်သူများအဖို့ အန္တရာယ်တစ်ရပ် ဖြစ်နေသေးကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က သတိပေးပြောကြားလိုက်သည်။

ဧပြီ ၄ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမိုင်းသတိမူရေးနှင့် အကူအညီပေးရေးနေ့တွင် ICRC အပါအဝင် အခြားအစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း မိုင်းအန္တရာယ်သင့်ခဲ့သူများ အကြောင်းနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ မြေမြှုပ်မိုင်းကြောင့်သာမက အမြှောက်ဆံနဲ့ ဗုံးဆံတွေလို မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုး ခံစားရသူများအတွက်လည်း စိုးရိမ်ပူပန်မိပါတယ်"ဟု ICRCမှ မိုင်းအန္တရာယ်ပညာပေးအစီအစဉ်၏ အကြံပေးဖြစ်သူ မစ္စတာဆာဂျောန်းဂျိုဗန်မိုဗစ်က ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများ(ERW) ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကလေးငယ် ၃၅ဦးအပါအဝင် စုစုပေါင်းလူဦးရေ ၅၉ဦးရှိပြီး ၂၀၁၆ခုနှစ် ပထမသုံးလတွင်ပင် ထိခိုက်နစ်နာခဲ့သူ ၂၁ဦး ရှိပြီဖြစ်ကြောင်း ယူနီဆက်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများကြောင့် အန္တရာယ်ကျရောက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင်လည်း အစီရင်ခံတင်ပြခြင်းမရှိသည့် ထိခိုက်နစ်နာမှုများရှိနေမည်ဟု ယူနီဆက်အဖွဲ့ကပြောသည်။

မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများ အသုံးပြုခြင်းကိုရပ်တန့်ပြီး စာသင်ကျောင်းများ၊ ကျန်းမာရေးပံ့ပိုးမှု အဆောက်အအုံများ နှင့် ကလေးသူငယ်များ အများဆုံးရှိနေတတ်သည့် နေရာများကို ပေါက်ကွဲမှုများမှ ကာကွယ်သွားနိုင်ရန် ယူနီဆက်မှ မြန်မာနိုင်ငံ ဒုတိယ ဌာနေကိုယ်စားလှယ် ရှာလီနီဘဟူဂူနာက သက်ဆိုင်သူများအားလုံးကို တိုက်တွန်းထားသည်။

"မြန်မာနိုင်ငံတွင်း မြေမြှုပ်မိုင်းတွေနဲ့ အခြားပေါက်ကွဲစေနိုင်တဲ့ စစ်ကျန်ပစ္စည်းတွေကို ဖော်ထုတ်ဖျက်ဆီးဖို့ ရည်ရွယ်ချက်ဟာထိပ်ဆုံးမှာ တည်ရှိနေဖို့နဲ့ ဒီလို စိတ်မကောင်းစရာ အခြေအနေတွေအားလုံး ရပ်တန့်သွားစေဖိ့ု နိုင်ငံရေးဆိုင်ရာ အပြင် ငွေကြေးဆိုင်ရာမှာလည်း ပံ့ပိုးမှုတွေ ဆက်လက်ရှိနေစေဖို့ သက်ဆိုင်သူများအားလုံးကို ထပ်မံအသိပေး နှိုးဆော်လိုက်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ၂၀၁၆ခုနှစ် မြန်မာနိုင်ငံမိုင်းအန္တရာယ် ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၅.၈သန်း ကုန်ကျမည့် မိုင်းအန္တရာယ်တိုက်ဖျက်ရေး လုပ်ငန်းစီမံကိန်းများကို ဧပြီ ၄ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။
 
အဆိုပါလုပ်ငန်းစီမံကိန်းများ အကျဉ်းချုပ်တွင် မိုင်းအန္တရာယ်အသိပညာပေးရေး (MRE)၊ မိုင်းကြောင့် ထိခိုက်နစ်နာသူများအား ကူညီထောက်ပံ့ပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံ/တိုက်တွန်းပြောဆိုခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းများနှင့် သတင်းအချက်အလက်စီမံမှုများ အစရှိသည့် လိုအပ်ချက်များနှင့် ဦးစားပေးလုပ်ငန်းများ စုစည်းစွာပါဝင်သည်။

ယူနီဆက်မှ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ် ရှာလီနီဘဟူဂူနာက "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ကိုင်နေချိန်မှာပင် မိုင်းထောင်ခြင်းကိစ္စရပ်များကို ချက်ချင်းဆိုသလို ရပ်တန့်သွားစေမယ့် ဆုံးဖြတ်ချက်တွေ ပြုလုပ်သွားဖို့လိုအပ်သလို မိုင်းတားဆီး ဆန့်ကျင်ရေးသဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုး အတည်ပြုပြီးတဲ့ နိုင်ငံပေါင်း ၁၆၂ နိုင်ငံမှာ မြန်မာနိုင်ငံအနေနဲ့လည်း ပါဝင်သွားဖို့ လိုအပ်ပါတယ်” ဟု မှတ်ချက်ပြုသည်။

ICRC ကလည်း မိုင်းနှင့်ပေါက်ကွဲစေနိုင်သော စစ်လက်နက် အကြွင်းအကျန်များ၏ အန္တရာယ်ကို ပိုမိုသတိပြုမိကြရေးအတွက် အသိပညာပေးလုပ်ငန်းများကို လူထုအတွင်း အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် နေထိုင်ကြသူများအတွက် ဆောင်ရွက်ပေးလျှက်ရှိသည်။

လက်နက်ကိုင်အဖွဲ့အသီးသီးက ချထားသည့် မိုင်းများကို လုံးဝဖယ်ရှားရှင်းလင်းပစ်ရန် ယခင် ဦးသိန်းစိန်အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ထည့်သွင်း သဘောတူထားပြီးဖြစ်သည်။

အစိုးရ၊ ကုလသမဂ္ဂ နှင့် အခြားသော အရပ်ဘက်အဖွဲ့အစည်း ၂၈ဖွဲ့က မိုင်းရှင်းလင်းရေး လုပ်ငန်းများအတွက် ၂၀၁၂ခုနှစ် မှစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly