ဝန်ထမ်းတွေ လာဘ်မစားဖို့ နေပြည်တော်ကောင်စီဥက္ကဌသစ် ညွှန်ကြားထားဟုဆို

ဝန်ထမ်းတွေ လာဘ်မစားဖို့ နေပြည်တော်ကောင်စီဥက္ကဌသစ် ညွှန်ကြားထားဟုဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(၂၀၁၆ခုနှစ်၊ ဧပြီလ ၄ရက်)။ ။ နေပြည်တော်ကောင်စီဥက္ကဌသစ်ဖြစ်လာသူ ဒေါက်တာမျိုးအောင်က နေပြည်တော်ကောင်စီအတွင်းရှိ ဝန်ထမ်းများနှင့် ဧပြီလ ၄ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများအနေဖြင့် လာဘ်မစားကြရန် ညွှန်ကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

 “ဝန်ထမ်းတွေအနေနဲ့ လာဘ်မစားဖို့နဲ့ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနဲ့ အညီလုပ်ဆောင်ဖို့ ဥက္ကဌကပြောတယ်၊ နောက်ပြီး ဝန်ထမ်းတွေနဲ့မိတ်ဆက်တယ်၊ ဌာနတစ်ခုချင်းစီလုပ်ဆောင်နေတာကို တင်ပြကြတယ်” ဟု အဆိုပါ အရာရှိက တွေ့ဆုံပွဲအပြီးတွင် ပြောသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်အား နေပြည်တော်ကောင်စီဥက္ကဌအဖြစ် သမ္မတဦးထင်ကျော်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုက်ရိုက်ခန့်အပ်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် နေပြည်တော်ကောင်စီဥက္ကဌအဖြစ် သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်ကို ခန့်အပ်ခဲ့သည်။

မြို့နယ်ပေါင်း (၈)မြို့နယ်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် သမ္မတဦးသိန်းစိန်လက်ထက်က ကောင်စီဥက္ကဌအပါအဝင် ကိုးဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ကောင်စီဥက္ကဌတစ်ဦးတည်းကိုသာ ခန့်အပ်ရသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required