ရခိုင်ပြည်နယ်လွှတ်တော်က ဝန်ကြီးနှစ်ဦး အတည်ပြုခန့်အပ်

ရခိုင်ပြည်နယ်လွှတ်တော်က ဝန်ကြီးနှစ်ဦး အတည်ပြုခန့်အပ်
နယ်/လုံ ၀န်ကြီး ဦးထိန်လင်း နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်းဘွေတို့ ကျမ်းသစ္စာဆိုနေစဉ်။ (ဓာတ်ပုံ - ကျော်မင်း/မဇ္စျိမ)

စစ်တွေ၊ ဧပြီ ၄ ရက် ။              ။ ယနေ့ ဧပြီ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေး  အဌမမြောက်နေ့တွင် ပြည်နယ်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ကို အတည်ပြုခန့်အပ်ခဲ့သည်။

နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးထိန်လင်း နှင့် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပုန်းဘွေတို့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဧပြီ ၁ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ဧပြီ ၄ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

အသစ်ခန့်အပ်ခံရသည့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်းဘွေက ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများနှင့် အခြားသော လူမျိုးစုငယ်များ၏ အခွင့်အရေးတွက် ကြိုးပမ်းသွားမည်ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ ရှိတဲ့ ချင်းလူမျိုးတွေကို ချင်းစာပေဘာသာနှင့် ပညာသင်ကြားခွင့်ရဖို့။ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို တန်းတူရရှိဖို့၊ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တခြားလူမျိုးစုတွေနဲ့လည်း သဟာဇာတဖြစ်အောင် လုပ်ပေးဖို့ ကြိုးပမ်းသွားမှာဖြစ်သလို သူတို့တွေအတွက်လည်း ကျနော် တစ်ဘက်တစ်လမ်းက ပါဝင်ဆောင်ရွက်သွားပေးမှာပါ။”ဟု ပြောသည်။

ဗိုလ်မှူးထိန်လင်းမှာ ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ရခိုင်ပြည်နယ်၏ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ယခုဆိုလျှင် ဒုတိယအကြိမ်မြောက် ထပ်မံ ရွေးချယ်ခန့်အပ် တာဝန်ပေးခြင်း ခံရသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required