နိုင်ငံရေးအကျဉ်သားများနှင့်ကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရသစ်ကို တောင်းဆို

နိုင်ငံရေးအကျဉ်သားများနှင့်ကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရသစ်ကို တောင်းဆို
ဓာတ်ပုံ-ယဉ်မွန်

ရန်ကုန် ဧပြီ ၄ ။          ။         အကျဉ်းထောင်ထဲတွင်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများနှင့်တကွ၊ လက်ရှိ ပုဒ်မပေါင်းများစွာဖြင့် အမှုရင်ဆိုင်နေရဆဲကျောင်းသားများ၊တောင်သူလယ်သမားများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် အရပ်ဖက်လူ့အဖွဲ့စည်းမှ လူအင်အား ၅၀ ခန့်က ယနေ့ ဧပြီ ၄ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဆူးလေခန်းမရှေ့ရှိ မဟာဗန္ဒုလပန်းခြံဘေးတွင် တောင်းဆိုဆန္ဒပြုခဲ့ကြသည်။
ယခုအချိန်အထိ အမှုပေါင်းများစွာနှင့်ရင်ဆိုင်နေရသောကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်မြောက်ဖို့အတွက် ဒီမိုကရေစီအသစ်တွင်တောင်းဆိုရခြင်းဖြစ်ကြောင်းနှင့် ယခုတက်လာသော အစိုးရပိုင်းဆိုင်ရာ ဝန်ကြီးအများစုနှင့် သမ္မတသည် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သည့်အတွက် စာနာစိတ်ဖြင့်  နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးမည်ဟု မျှော်လင့်မိသဖြင့် လာရောက်တောင်းဆိုရခြင်းဖြစ်ကြောင်း ယခင်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားများအားလွှတ်မြောက်စေရန် ဆန္ဒထုတ်ရာတွင် ပါဝင်သည့် ဆရာတော် ဦးရက္ခဝံသက မိန့်ကြားခဲ့သည်။

" အခုတက်လာတဲ့အစိုးရကိုလည်း ဦးဇင်းတို့က အားကိုးပါတယ်။အခု သမ္မတကြီးဦးထင်ကျော်ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။နောက် အခုရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း နိုင်ငံရေးအကျဉ်းသားပါပဲ။အဲဒါကြောင့် ကိုယ့်နိုင်ငံရေးအကျဉ်းသားအချင်းချင်းကိုက ခံစားမှုအပြည့်အဝရှိနေမယ့်အတွက် လွှတ်ပေးလာလိမ့်မယ်လို့ ဦးဇင်းတို့က ယုံကြည်ပါတယ်။ " ဟု တောင်းဆိုပွဲတွင် ပါဝင်သူ ဆရာတော်ဦးရက္ခဝံသက မဇ္ဈိမအားမိန့်ကြားခဲ့သည်။

အစိုးရသစ်တက်ပြီး မကြာမီရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်တောင်းဆိုမှုသည် အချိန်စောသည်ဟု မထင်မိကြောင်းနှင့် ယခုကဲ့သို့ ဒီမိုကရေစီရရှိအောင် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ဟိုးယခင်ကတည်းက တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် အမြန်ဆုံးလွှတ်ပေးပါရန်နှင့် ပြည်သူများအပေါ် လူမျိုးဘာသာမခွဲခြား၊ကျောသားရင်သားမခွဲခြားသော အစိုးရသစ်တစ်ရပ်ကိုသာ လိုလားမျှော်လင့်ကြောင်း တောင်းဆိုပွဲတွင်ပါဝင်သူ Social Alliance အဖွဲ့မှ တက်ကြွလှုပ်ရှားသူ မဒါလီက မဇ္ဈိမကို ပြောသည်။

" ကျွန်မတို့ အခုလို ဆန္ဒထုတ်ဖော်တာစောတယ်လို့ မမြင်ပါဘူးရှင့်။ဘာလို့လဲဆိုတော့ အခုလို ဒီမိုကရေစီရရှိဖို့အတွက် နိုင်ငံရေးအကျဉ်သားတွေဟာဟိုးအရင်ကတည်းက ကြိုးစားခဲ့ကြတဲ့အတွက် သူတို့ လွတ်မြောက်ပေးဖို့အတွက်က စောတယ်လို့မထင်ပါဘူး။ပြီးတော့ အခုကျွန်မတို့တောင်းဆိုတာကလည်း အခုအစိုးရက ဒီလို ဒီမိုကရေစီဖြစ်ဖို့အတွက် တိုက်ပွဲဝင်ခဲ့ရတာဆိုတော့ သူ့ရဲ့ရဲဘော်တွေကိုမချန်ထားခဲ့ဘူးလို့ ထင်မိပါတယ်။ "ဟု မဒါလီက ပြောသည်။

လက်ရှိတွင် အစိုးရသစ်တက်လာချိန်တွင်အရပ်သားအစိုးရသစ်ဖြစ်သည့်အတွက် ကြိုဆိုကြောင်းနှင့် အကျဉ်းထောင်ထဲတွင်ရောက်ရှိနေသောနိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်စေရန် ဘာသာပေါင်းစုံအဖွဲ့မှ ဆုတောင်းမေတ္တာပို့သခဲ့ကြကာ ငှက်များအားလွတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required