နိုင်ငံရေးအကျဉ်သားများနှင့် ကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရသစ်ထံ တောင်းဆို

နိုင်ငံရေးအကျဉ်သားများနှင့် ကျောင်းသားများကို အမြန်ဆုံးလွှတ်ပေးဖို့ အစိုးရသစ်ထံ တောင်းဆို

အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများနှင့်၊ အမှုရင်ဆိုင်နေရဆဲ ကျောင်းသားများ၊ တောင်သူလယ်သမားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အရပ်ဘက် လူ့အဖွဲ့စည်းမှ လူအင်အား ၅၀ ခန့်က ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဆူးလေခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေးတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အစိုးရသစ်တွင် ပါဝင်သည့် ဝန်ကြီးအများစုနှင့် သမ္မတသည်ပင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်သည့်အတွက် စာနာစိတ်ဖြင့်  နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု မျှော်လင့်ကာ တောင်းဆိုရခြင်းဖြစ်ကြောင်း ယခင်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်စေရန် တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ ဆရာတော် ဦးရက္ခဝံသက မိန့်ကြားခဲ့သည်။

"အခုတက်လာတဲ့ အစိုးရကိုလည်း ဦးဇင်းတို့က အားကိုးပါတယ်။ အခု သမ္မတကြီးဦးထင်ကျော်ကလည်း နိုင်ငံရေး အကျဉ်းသားတစ်ဦး ဖြစ်ခဲ့ဖူးတယ်။နောက် အခုရန်ကုန်တိုင်း ဝန်ကြီးချုပ်ကလည်း နိုင်ငံရေး အကျဉ်းသားပါပဲ။ အဲဒါကြောင့် နိုင်ငံရေး အကျဉ်းသား အချင်းချင်းကိုက ခံစားမှု အပြည့်အဝရှိနေတဲ့အတွက် လွှတ်ပေးလာလိမ့်မယ်လို့ ဦးဇင်းတို့က ယုံကြည်ပါတယ်"  ဟု ဦးရက္ခဝံသက မဇ္ဈိမသို့ မိန့်ကြားခဲ့သည်။

အစိုးရသစ်တက်ပြီး ရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်တောင်းဆိုမှုသည် အချိန်စောသည်ဟု မထင်မိကြောင်းနှင့် ယခုကဲ့သို့ ဒီမိုကရေစီရရှိအောင် နိုင်ငံရေး အကျဉ်းသားများအနေဖြင့် ယခင်ကတည်းက တိုက်ပွဲ ဝင်ခဲ့ကြသည့်အတွက် အမြန်ဆုံးလွှတ်ပေးရန်၊ လူမျိုးဘာသာမခွဲခြား၊ ကျောသားရင်သား မခွဲခြားသော အစိုးရသစ်တစ်ရပ်ကိုသာ လိုလားမျှော်လင့်ကြောင်း တောင်းဆိုပွဲတွင်ပါဝင်သူ Social Alliance အဖွဲ့မှ တက်ကြွလှုပ်ရှားသူ မဒါလီကလည်း  ပြောသည်။

"အခုကျွန်မတို့ တောင်းဆိုတာကလည်း အခုအစိုးရက ဒီလို ဒီမိုကရေစီ ဖြစ်ဖို့အတွက် တိုက်ပွဲဝင်ခဲ့ရတာ ဆိုတော့ သူ့ရဲ့ရဲဘော်တွေကို မချန်ထားခဲ့ဘူးလို့ ထင်မိပါတယ်" ဟု မဒါလီက ပြောသည်။

လက်ရှိ အစိုးရသည် အရပ်သားအစိုးရသစ် ဖြစ်သည့်အတွက် ကြိုဆိုကြောင်းနှင့် အကျဉ်းထောင်ထဲတွင် ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးလွှတ်စေရန် ဘာသာပေါင်းစုံအဖွဲ့မှ ဆုတောင်း မေတ္တာ ပို့သခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags