ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရေးအတွက် ဖားကန့်ဒေသခံများ ဆန္ဒထုတ်ဖော်

ကျောက်မျက်ဥပဒေကို ပြန်လည်ပြင်ဆင်ပေးရေးအတွက် ဖားကန့်ဒေသခံများ ဆန္ဒထုတ်ဖော်
(ဓာတ်ပုံ-အီးပီအေ)

ရန်ကုန် ဧပြီ ၃ ။ ။ ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ကျောက်မျက်ဥပဒေပါ အချက်များကို ပြင်ဆင်ပေးရန် ဧပြီ ၂ရက်က ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူကျေးရွာရှိ ကျောက်သွေးတောင်ဘုရားကွင်းတွင် ဒေသခံ ငါးရာခန့်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဥပဒေတွင် အကြီးစားတူးဖော်ခွင့်ကို ဆယ်နှစ် နှင့် အလတ်စားတူးဖော်ခွင့်ကို ငါးနှစ်စီလုပ်ကိုင်ခွင့်ပေးခြင်း၊ ဈေးပြိုင်စနစ်နှင့် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ချပေးခြင်းစသည့် ပြဋ္ဌာန်းချက်များပါဝင်နေပြီး ဒေသခံအကျိုးစီးပွားများစွာ ထိခိုက်လာနိုင်သဖြင့် ယခုလို ဆန္ဒထုတ်ဖော်ကြရခြင်းဖြစ်ကြောင်း ကျောက်မျက်ဥပဒေပြင်ဆင်ရေးကော်မတီမှ သိရသည်။

"ဈေးပြိုင်စနစ်နဲ့ဆိုရင် ကုမ္ပဏီတွေပဲလက်ဝါးကြီးအုပ်သွားပြီး တနိုင်တပိုင်တူးတဲ့ဒေသခံတွေအတွက် အကျိုးမရှိတော့ဘူး။ အကျိုးတူလုပ်ပြန်တော့လည်း ပြည်ပကပိုက်ဆံကြိုပေးပြီး အကုန်တူးသွားရင် ပြည်သူတွေအတွက် အကျိုးမရှိတော့ဘူး။ သမ္မတသက်တမ်းတောင် ငါးနှစ်တည်းပါ။ အကြီးစားလုပ်ကွက်ကို ဆယ်နှစ်ဆိုတော့ ဥပဒေကို ပြန်ပြင်ဆင်ပေးမယ်ဆိုရင် အကောင်းဆုံးပါ"ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးမင်းဦးက မဇ္ဈိမကိုပြောသည်။

ကုမ္ပဏီကြီးများမှ အပြိုင်တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ပိုမိုများပြားလာပြီး တနိုင်တပိုင်တူးဖော်သူဒေသခံများ စားဝတ်နေရေးအခက်တွေ့လာကြောင်း ၎င်းကပြောသည်။
ယင်းဆန္ဒထုတ်ဖော်မှုတွင် ကျောက်မျက်ဥပဒေပြင်ဆင်ရေးကော်မတီက ဦးဆောင်ခဲ့ပြီး ဝှေခါ၊ ဆိပ်မူ၊ လုံးကင်း စသည့်ရွာများမှ ဒေသခံများ ပါဝင်ခဲ့ကြသည်။ အဆိုပါကော်မတီကို ဒေသခံ (၃၀)ဦးခန့်ဖြင့် အဓိကဖွဲ့စည်းထားကြောင်းသိရသည်။

ကျောက်မျက်ဥပဒေကို ၁၉၉၉ခုနှစ် နှင့် ၂၀၀၃ခုနှစ်များတွင် ပြဋ္ဌာန်းခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၂၉ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly