တရုတ်ဆည်များကြောင့် အရှေ့တောင်အာရှ မိုးခေါင်ရေရှားမှု ပိုဆိုး ဟုဆို

တရုတ်ဆည်များကြောင့် အရှေ့တောင်အာရှ မိုးခေါင်ရေရှားမှု ပိုဆိုး ဟုဆို

ဟနွိုင်း၊ ဧပြီ၊ ၁ ။            ။ မဲခေါင်မြစ်အထက်ပိုင်းတွင် တရုတ်နိုင်ငံကတည်ဆောက်ထားသည် ဆည်များက အရှေ့တောင်အာရှဒေသတွင် လက်ရှိကြုံတွေ့နေရသော မိုးခေါင်ရေရှားမှုကို ပိုမိုဆိုးရွားစေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျှက်ရှိသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် မိုးခေါင်ရေရှားမှုနှင့်ဆိုးဆိုးရွားရွားကြုံတွေ့နေရခြင်းကို ကူညီရန်အတွက် တရုတ်နိုင်ငံက မဲခေါင်မြစ်အထက်ပိုင်းရှိ ၎င်း၏ဆည် ၆ ခုအနက်မှ တစ်ခုကို ပြီးခဲ့သောလအတွင်းက ဖွင့်ပေးခဲ့သည်။

ထိုကဲ့သို့ တရုတ်နိုင်ငံက ၎င်း၏ဆည်မှရေဖွင့်ချပေးခဲ့ခြင်းက နှစ်ပေါင်း ၂၀ ကျော်အတွင်းအဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည့် အရှေ့တောင်အာရှနိုင်ငံများအတွက် အထောက်အကူ   ဖြစ်သည်မှာ မှန်သော်လည်း ယင်းဆည်များ ကြောင့်ပင်အရှေ့တောင်အာရှဒေသ၌ ရေနှင့်အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများပိုမိုဆိုးရွားလာခဲ့ရသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့်  နိုင်ငံတကာ အဖွဲ့အစည်းအချို့မှအရာရှိများက ဝေဖန်လျှက်ရှိသည်။

လက်ရှိအချိန်တွင်အရှေ့တောင်အာရှရှိ သန်းဆယ်နှင့်ချီသောလူများမှာ မဲခေါင်မြစ်ရေလျော့ကျမှု၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ရေပြတ်လပ်မှုဒဏ်ကိုခံစားနေကြရပြီး လာအို၊ထိုင်း၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့တွင် ဆန်စပါးစိုက်ပျိုးရန် ရေလုံလုံလောက်လောက်မရရှိသည့်ပြဿနာနှင့်ပါရင်ဆိုင်နေရသည်။

ထိုကဲ့သို့ နှစ်ပေါင်းများစွာအတွင်း စံချိန်တင်မိုးခေါင်ရေရှားမှုပြဿနာအတွက် အယ်လ်နီညိုဖြစ်စဉ်မှာ အဓိကတရားခံ ဖြစ်သည်ကို လက်ခံထားကြသော်လည်း တရုတ်ဆည်များက အယ်လ်နီညိုကြောင့် မဲခေါင်မြစ်ရေလျော့ကျမှုကို ပိုမိုဆိုးရွားစေသည်ဟု ဝေဖန်သံများပါ ထွက်ပေါ်လျှက်ရှိသည်။

လက်တလောဖြစ်ပေါ်နေသည့် အယ်လ်နီညိုသည် နှစ်ပေါင်း ၆၀ ကျော်အတွင်းအဆိုးရွားဆုံးဖြစ်ပြီး ယခုတိုင်လည်း ပြီးဆုံးခြင်းမရှိသေးဘဲ အရှေ့တောင်အာရှမိုးခေါင်ရေရှားမှုအတွက် အဓိကလက်သည်ဖြစ်သည်မှာ မှန်သော်လည်း မဲခေါင်မြစ်တစ်လျှောက်ရှိ ဆည်များကြောင့် ဖြစ်ပေါ်နေသောပြဿနာများလည်းရှိနေကြောင်း ကုလသမဂ္ဂအစားအစာ နှင့် စိုက်ပျိုးရေးအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးကပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံမှတက်ကြွလှုပ်ရှားသူများကလည်း ဆည်ရေဖွင့်ချပေးသည့် တရုတ်နိုင်ငံ၏လုပ်ရပ်မှာ ကိုယ်ကျိုးမဖက် သည့်လုပ်ရပ်ဟု လက်မခံကြောင်းနှင့် ထိုဆည်ရေများကြောင့် တရုတ်နိုင်ငံအတွက်လည်း အကျိုးကျေးဇူးရှိသည်သာ ဖြစ်ကြောင်း ဝေဖန်ထားသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်၏တောင်းဆိုမှုအရ မဲခေါင်မြစ်ပေါ်ရှိ ၎င်း၏ဆည်တစ်ခုမှနေ၍ ဧပြီလ၊ ၁၀ ရက်နေ့အထိ ရေတိုးမြှင့်ထုတ်လွှတ်ပေးသွားရန် သဘောတူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly