သပိတ်ကျင်းမြို့နယ် ဖက်ရှည်ရွာ သောက်သုံးရေမလုံလောက်

သပိတ်ကျင်းမြို့နယ် ဖက်ရှည်ရွာ သောက်သုံးရေမလုံလောက်
ဓာတ်ပုံ-ဆုဆုရှိ

ပြင်ဦးလွင် ၊ မတ် ၃၁ ။       ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဖက်ရှည်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် စိမ့်စမ်းရေးခမ်းကာ   သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်းသိရသည်။

''ကျေးရွာကလူတွေက အရင်တုန်းကတော့ စိမ့်စမ်းရေသုံးကြတာလေ၊ စိမ့်စမ်းရေသုံးတာကနေပြီး ခုကျတော့ ဒီသစ်တောတွေ ပြုန်းတီးတာနဲ့ ရေတွေကခမ်းကုန်တာပေါ့''ဟု ရပ်မိရပ်ဖ ဦးဆွေမင်းသိန်း ကပြောသည်။

လူဦးရေကိုးထောင်ကျော်ရှိသည့်ဖက်ရှည်ကျေးရွာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာနှင့်တစ်မိုင်ခန့်အကွာတွင် တူးဖော် ပေးထားသော လေးလက်မစက်ရေတွင်းကို မှီခိုကာ သွားရောက်သယ်ယူသုံးစွဲနေရသဖြင့် သောက်သုံးရေမလုံလောက်ခြင်းဖြစ်ကြောင်း သိရသည်။  

ကျေးရွာအတွင်းသို့ ရေပိုက်ဖြင့်သွယ်တန်းဖြန့်ဝေပေးရန် ပိုက်အရှည် ပေတစ်သောင်းခွဲခန့် လိုအပ်နေပြီး ပိုက်အရှည်ပေ ငါးထောင်ဖိုးခန့်သာရရှိထားကြောင်း လက်ရှိစက်ရေတွင်းတွင် အသုံးပြုနေသည့် အင်ဂျင်မှာ သေးငယ်သဖြင့် ရေတင်ရာတွင်လည်း အခက်အခဲရှိကြောင်း ဦးဆွေမင်းသိန်းက ပြောသည်။

ကျေးရွာမှ ကိုယ်ထူကိုယ်ထစက်ရေတွင်းတစ်တွင်း ထပ်မံတူးဖော်ရန်ကြိုးစားနေပြီး မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သို့လည်းအကူအညီပေးရန်တင်ပြထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required