ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကော်မတီနှစ်ခုဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကော်မတီနှစ်ခုဖွဲ့စည်း
ဓာတ်ပုံ-မျိုးသူအောင်

ရန်ကုန်၊ မတ် ၃၁ ။          ။ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောရေးရာကော်မတီကို မတ် ၃၁ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အဖွဲ့ဝင် ၁၁ ဦးစီဖြင့် ဖွဲ့စည်းလိုက်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းဝေး နဝမနေ့တွင် လွှတ်တော်ဥက္ကဌက ကော်မတီနှစ်ရပ်၏ ဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်အရေအတွက် တို့ကို တိုင်းဒေသကြီး လွှတ်တော်တွင်တင်ပြခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ဥက္ကဋ္ဌ၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ မန်းအောင်ကိုမင်း က အတွင်းရေးမှူးအဖြစ်တာဝန်ယူကာ စုစုပေါင်းအဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

 စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တော်ရေးရာ ကော်မတီကိုလည်း တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန် ဥက္ကဋ္ဌ၊ ပန်းဘဲတန်း မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်စိုးပပလှိုင်က အတွင်းရေးမှူးအဖြစ်တာဝင်ယူကာ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့  ဖြစ်သည်။

"အစိုးရအဖွဲ့ နဲ့ လွှတ်တော်နဲ့ ဒီလိုခွဲပြီးတော့ လုပ်လိုက်တဲ့အတွက် check and balance  လုပ်ရတာ ပိုကောင်းသွားတာပေါ့"ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြော သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ရေးရာကော်မတီ (၉)ခု ဖွဲ့စည်းသွားမည် ဖြစ်ပြီး လက်ရှိတွင် ကော်မတီ (၆)ခု ဖွဲ့စည်းထားပြီး ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပြီးသော ကော်မတီများမှာ ဥပဒေကြမ်းကော်မတီ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ ပြည်သူ့ငွေစာရင်းဥပဒေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များနှင့်  လွှတ်တော်အခွင့်ရေးကော်မတီ၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောရေးရာကော်မတီတို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required