အမေရိကန်သံအမတ်နှင့် ANP ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံ

အမေရိကန်သံအမတ်နှင့် ANP ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံ

စစ်တွေ ၊ မတ် ၃၁ ရက် ။            ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာစီရယ်နှင့် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားတချို့ နေပြည်တော်ရှိ Crystal Hotel တွင် မတ် ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်တွင် သီးသန့်တွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစော၊ ဒေါ်ခင်စောေ၀ အပါအဝင် အခြားပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အဆင့် သုံးဦးတို့က တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဒေါ်ခင်စောဝေက မဇ္ဈိမကို ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝ ဖွံဖြိုးတိုးတက်ဖို့ရယ်၊ ရခိုင်ပြည်နယ်မှာ လက်ရှိ ရင်ဆိုင်နေကြရတဲ့ လူမျိုးခြားတွေရဲ့ အရေးတွေကို စိတ်ဝင်တစားမေးတာပါ၊ သူ့အနေနဲ့ ရခိုင်ပြည်နယ် အကြောင်းကိုလည်း အရမ်း စိတ်ဝင်စားတယ်လို့ ပြောတယ်”၎င်းကပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာစီရယ်  က လက်ရှိ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီချုပ်တို့ကြား ဖြစ်ပွားနေသည့် အခြေနေများကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ကို လေ့လာရေးခရီးအဖြစ် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်းလည်း ဒေါ်ခင်စောဝေက မဇ္ဈိမကို ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာစီရယ် အနေနှင့် မြန်မာနိုင်ငံသို့ မတ် ၂၆ ရက်က တာဝန်ထမ်းဆောင်ရန် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး  လေးရက်အကြာ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပါတီများအနက် ရခိုင်အမျိုးသားပါတီဝင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly