ဝန်ကြီးချူပ်ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန် နယ်/လုံဝန်ကြီးပြော

ဝန်ကြီးချူပ်ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်မည်ဟု ရန်ကုန် နယ်/လုံဝန်ကြီးပြော
ဓာတ်ပုံ - မျိုးသူအောင်

ရန်ကုန်၊ မတ် ၃၁ ။              ။ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးကိစ္စရပ်များအကောင်းဆုံး ဖြစ်စေရန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ညွှန်ကြားချက် အတိုင်းဆောင်ရွက်သွားမည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောသည်။

မတ် ၃၁ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး ပထမပုံမှန်အစည်းဝေး နဝမနေ့ တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးအပြီးတွင် ဗိုလ်မှူးကြီးတင်အောင်ထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" လုံခြုံရေးဝန်ကြီးဆိုတော့ လုံခြုံရေးပိုင်းဆိုင်ရာတွေပဲ ဦးစားပေးလုပ်ဆောင်ရမှာပေါ့။ လုံခြုံရေးကတော့ အကုန်လုံးလိုတာပေါ့နော်။ လုံခြုံရေးကတော့ လက်ရှိရှိနေတဲ့ အင်အားနဲ့ အကောင်းဆုံးဖြစ်အောင် ဝန်ကြီးချုပ် ကြီးရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်သွားပါမယ်"ဟု ပြောသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ပေးအပ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပေးပို့လာသည့် တပ်မတော်သားအမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက လွှတ်တော် သို့ မတ်လ ၃၁ ရက်နေ့က တင်ပြခဲ့ခြင်း ဖြစ်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ဗိုလ်မှူးကြီးတင်အောင်ထွန်း ကိုအတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနေရာတွင် ဗိုလ်မှူးကြီး တင်အောင်ထွန်းကို အစားထိုးခန့်အပ်ခြင်း ခံခဲ့ရသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required