အာဟာရပေါင်းစုံပါ၀င်တဲ့ ကိုက်လန်၊ ဟင်းရွက်တို့ရဲ့ဘုရင်မ ကိုက်လန်

31 March 2016
အာဟာရပေါင်းစုံပါ၀င်တဲ့ ကိုက်လန်၊ ဟင်းရွက်တို့ရဲ့ဘုရင်မ ကိုက်လန်

ကိုက်လန်ကို ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားပြောဆိုကြပါတယ်။ ကိုက်လန်မှာ အာဟာရပေါင်းစုံ စုစည်းလျက် ရှိပါတယ်။ အဲဒီ အာဟာရထဲကမှ  ဗိုက်တာမင် ကေ အများဆုံးပါဝင်ပြီး၊ဗိုက်တာမင် အေနဲ့ စီကတော့ ဒုတိယ အများဆုံးပါဝင်ပါတယ်။  ဗိုက်တာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးအပါဝင် သွေးခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ကိုက်လန်ကို စားပေးရင်တော့ အစာချေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေမှာပါ။ သံဓာတ်တွေကလည်း ကိုက်လန်ထဲမှာ များစွာပါဝင်နေပါသေးတယ်။ ကိုက်လန်အရွက်လေးတွေကို ခရုဆီနဲ့ ကြော်ထားတဲ့ ခရုဆီကိုက်လန် ကိုက်လန် ခရုဆီဆိုရင် လူတိုင်းသိကြမှာပါ။ အစိမ်းရောင် ဟင်းရွက်ပင်တစ်မျိုးဖြစ်တဲ့ ကိုက်လန်ဟာ အိမ်ရှင်မတွေရဲ့ ထမင်းဝိုင်းမှာ ဟင်းရံအဖြစ် ပါလေ့ရှိပါတယ်။ ကိုက်လန်မှာ ပါဝင်တဲ့ သံဓာတ်တွေကြောင့် တစ်ချို့က အမဲသား အစားထိုး ဟင်းလျာအဖြစ်တောင် ခေါ်ဆိုကြပါသေးတယ် ။

ဈေးကွက်ထဲမှာတော့ ကိုက်လန်ကို အရွက်စား ကိုက်လန်နဲ့ အဖူးစား ကိုက်လန်အဖြစ် ရောင်းချလေ့ ရှိပါတယ်။ အရွက်များတဲ့ ကိုက်လန်ကိုတော့ ဟော်တယ်တွေနဲ့ စားသောက်ဆိုင်တွေက ကြိုက်နှစ်သက်ကြပါတယ်။ အဖူးလေးတွေပါတဲ့ ကိုက်လန်ကိုတော့ ပုံမှန်စားသုံးသူတွေက ဝယ်ယူလေ့ရှိတယ်လို့ ဆိုကြပါတယ်။

မေမြို့က ကျော် ဟင်းသီးဟင်းရွက်ရောင်းဝယ်ရေးဆိုင်က ဒေါ်တင်ချိုက ကိုက်လံရောင်းဝယ်မှုအခြေအနေကို အခုလို ရှင်ပြပါတယ်။

ကိုက်လန် အများဆုံးစိုက်တဲ့ဒေတွေကတော့ မေမြို့နဲ့ တောင်ကြီးမြို့များဖြစ်ပါတယ်။ မေမြို့မှာ တစ်နှစ်ကို သုံးလပဲ ရောင်းပါတယ်။ သူ့အချိန်နဲ့ သူပဲ တောင်ကြီးက အထွက်ပါးတဲ့အချိန် မေမြို့က အရောင်းသွက် ပေါ့။ သူ့ရာသီနဲ့ သူပေါ့။ မေမြို့ကြတော့ အရွက်မထွက်ဘူး အဖူးနဲ့ အရွက်က အရွက်ကြတော့ စားသောက်ဆိုင်က သုံးတာ အဖူးကြတော့ စားတဲ့သူက သုံးတာ။ တစ်ခါတ တောင်ကြီးရှားတဲ့ အခါကျတော့ မေမြို့ အရွက်ပါတဲ့ဟာကို ယူသွားကြတာပေါ့။ တစ်စီးကို ဖောက်သည်ဈေး နှစ်ရာရောင်းပါတယ်။ များရင်တော့ များသလို ရောင်းမကောင်းတဲ့ အချိန်ကျ လျော့ရောင်းရတာပေါ့။ နောက်ဆုံးအဆင့် ၁၅၀ အထိ ရောင်းတယ်။

ကိုက်လန်ပင်ဟာ အအေးြကိုက်တဲ့ အသီးနှံပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ အပင်အမြင့် တစ်ပေကနေ တစ်ပေခွဲလောက်ထိ ရှိပြီးတော့ အကိုင်းအခက်တွေက သုံးပေလောက်ထိ ပြန့်ကားပါတယ်။ အရွက် စားသုံးရတဲ့ ဟင်းရွက်ပင်တစ်မျိုးပါ။ အပင်သက်တမ်းကတော့ နှစ်နှစ်လောက်ထိ ခံပေမယ့် နှစ်ချင်း စားသုံးလို့ ရပါတယ်။ ကိုက်လန်ကိုတော့ အရွက်တွန့်လိမ်နေတဲ့ ပုံစံတွေ အပြင် ချောမောညီညာတဲ့ အရွက်ပုံစံတွေကိုပါ တွေ့ရမှာပါ။ ဒါ့အပြင် ခရမ်းရောင်ရှိတဲ့ အရွက်မျိုးတွေကိုလည်း တွေ့နိုင်ပါသေးတယ်။

ကိုက်လန်ပင်ရဲ့ အနံ့နဲ့ အရောင်ဟာ ရာသီဥတုအေးမြလေ ကောင်းလေ ဖြစ်ပါတယ်။ ကိုက်လန်ပင်ကိုတော့ ဆောင်းရာသီ နှောင်းပိုင်းတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ဒါ့အပြင် မိုးရာသီနှောင်းပိုင်းတွေမှာလည်း စိုက်ပျိုးနိုင်ပါသေးတယ်။ အေးမြတဲ့ ရာသီဥတုကို ကြိုက်တဲ့ ကိုက်လန်စိုက်ပျိုးရေးကို သိရဖို့အတွက် ပြင်ဦးလွင်မြို့နယ်မှာ ရှိနေတဲ့ ဆေးတစ်လုံးရွာကို သွားရောက်ခဲ့ပါတယ်။ ဒီရွာမှာတော့ အိမ်ခြေ ၂၈၀ ကျော်လောက်ရှိနေပြီး အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာ လုပ်ကိုင်ခဲ့ကြတာပါ။ ကိုက်လံစိုက်ပျိုးလုပ်ကိုင်သူ ဒေါ်သန်းဌေးက ကိုက်လံစိုက်ပျိုးရေးကို အခုလို ရှုင်းပြပါသေးတယ်။

ကိုက်လန်က တစ်နှစ်ပတ်လုံး စိုက်လို့ရတယ်။ ဒါပေမယ့် မိုးနဲ့ ဆောင်းနဲ့ မျိုးနဲ့တော့ ကွဲတာပေါ့နော်။ မိုးမျိုးကြတော့ အရွက်ရှည်တယ်။ ဆောင်မျိုးကြတော့ အရွက်ဝိုင်းတယ်။ ဆောင်းမျိုးကြတော့ အပင်နိမ့်လို့ ရတယ်။ မိုးမျိုးကြတော့ အပင်မြင့်မှ ရတယ်။ နိမ့်လို့ရှိရင် အောက်က အရွက်တွေက ရေနဲ့ထိတော့ ပုပ်တယ်လေ။ ဆောင်းတွင်းကြတော့ ပိုးသတ်ဆေးလည်း သိပ်မဖျန်းရဘူး။ မိုးတွင်းကြတော့ ပိုးလည်း များတယ်။ မိုးများတဲ့အခါ အပွင့်တွေလည်း နည်းနည်း ပုပ်တတ်တယ်။ ဆောင်းတွင်းကြတော့ အပျက်စီးမရှိဘူး။ အခု သုံးလပိုင်းထဲရောက်ရင်တော့ ပြတွေ များသွားပြီ။ ဆောင်း ပေါက်စ ၁ လပိုင်း ၁၂ လပိုင်းဆို ပိုးကို မကျတာ။

မိုးမှာစိုက်တဲ့ ကိုက်လန်ဟာ ဆောင်းတွင်းမှာစိုက်တဲ့ ကိုက်လန်ပင်ထက် ဈေး ပိုရလေ့ရှိပါတယ်။  မိုးတွင်းဖြစ်တဲ့အတွက် နေရာတိုင်းမှာ စိုက်ပျိုးလို့ မရတဲ့ အချက်က ဈေးပိုရဖို့ ဖြစ်လာတာပါ။ ကိုက်လန်ကို စပြီး စိုက်ပျိုးတော့မယ်ဆိုရင်တော့  ပျိုးခင်းလုပ်ဖို့အတွက် အရင်ဆုံးပြင်ရမှာပါ။ တစ်လက်မ နှစ်လက်မလောက် မြေဆွေးဖုံးထားတဲ့ အပေါ်မှာတော့ လက်မဝက် အနက်လောက်မှာ မျိုးစေ့လေးတွေကို ပျိုးပေးရပါတယ်။ ဆေးတစ်လုံးရွာရဲ့ ကိုက်လန်စိုက်ပျိုးပုံ အဆင့်ဆင့်ကိုလည်း ဒေါ်သန်းဌေးကပဲ ဆက်ရှင်းပြပါတယ်။။

ကိုက်လန်ကို စပျိုးမယ်ဆိုရင် မျိုးစေ့လေးကို ဝယ်မယ်ဆိုရင်လည်း ဝယ် ကိုယ့်ဟာကိုယ် မျိုးရှိတယ်ဆိုရင်လည်း ကိုယ့်ဟာကိုယ်ဝယ်ပြီးတော့ ပျိုးမယ် ပျိုးသက်ကို ၁၅ ရက်လောက်ရှိရင် ပုလဲလေး ပက်ရမယ်။ အပင်ထွားအောင်ပေါ့နော်။ ပျိုးသက် ၂၅ ရက် ၃၀ ဆို စိုက်ရမယ်။ စိုက်မယ့်နေရာကျတော့ ကိုယ်က မြေပြင်ထားရမယ်။ နွားချေးထည့်ရမယ်။ ကြက်ချေးတတ်နိုင်ရင်လည်း နည်းနည်းလောက် ထည့်ပေးပေါ့နော်။ အဲတာပြီး မြေသြဇာလေး ထည့်ပြီးတော့ ရေနဲ့ နှပ်ထားရမယ် ငါးရက်လောက်ပေါ့နော်။ နှစ်ကြိမ်လောက် နှပ်ပြီးမှ စိုက်တာ ပိုကောင်းတယ်။ အပင်သန်တယ် ခဏလေး တန်းထောင်သွားတာလေ။

ကိုက်လန်ပင်စိုက်ပျိုးလို့ အပင်ရဲ့ အမြင့် လေးလက်မလောက် ရောက်လာပြီဆိုရင်တော့ နိုက်ထရိုဂျင်ဓာတ်များတဲ့ ဓာတ်မြေသြဇာ အရည်ကို ဖျန်းပေးဖို့ လိုအပ်ပါတယ်။ မြေကြီးကို ကောက်ရိုးဆွေး သစ်ဆွေး စတဲ့အရာတွေနဲ့ အုပ်ပေးရင်လည်း မြေအစိုဓာတ်ကို ထိန်းထားတဲ့ အပြင် ပေါင်မြက်တွေရန်ကနေလည်း ကာကွယ်နိုင်တယ်လို့ လေ့လာရပါတယ်။ အရွက်နုလေးတွေကိုမှ စားချင်တယ်ဆိုရင်တော့ စိုက်ပြီးတစ်လလောက်ဆိုရင် ခူးလို့ရပါပြီ။ အရွက်ရင့်ကိုမှ ကြိုက်တယ်ဆိုရင်တော့ တစ်လခွဲ နှစ်လလောက် ဆက်ထားပေးရပါ့မယ်။

ရာသီဥတု အေးပြီးတော့ အရွက်ရင့်လာလေလေ အချိုဓာတ်များလာလေလေ ဖြစ်ပါတယ်။ အေးမြတဲ့ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့ ပြင်ဦးလွင် အနီးတဝိုက်မှာတော့ ကိုက်လန်စိုက်ပျိုးမှုတွေ များပါတယ်။ ကျီးကန်ရွာ အင်းလျားရွာ သင်္ကန်ချိုင်ရွာ ညောင်ကုန်းရွာ ဆေးတစ်လုံးရွာ စတဲ့ စိုက်ပျိုးရေး ရွာတွေမှာ အဓိကထား စိုက်ပျိုးကြပါတယ်။ ကိုက်လန်ပင်ဟာ တစ်ပင်စိုက်ထားမယ်ဆိုရင် လေးငါးခါလောက် အရွက်ကို ခုတ်ယူလို့ ရပါတယ်။ ဒါကြောင့် ကိုက်လန်ပင်ဟာ ရာသီပေါ်သီးနှံပင်ဆိုပေမယ့်လည်း စိုက်ပျိုးသူ တောင်သူတွေ အတွက် တွက်ချေကိုက်တယ်လို့ သိရပါတယ်။ ဒါကိုလည်း ဒေါ်သန်းဌေးကပဲ ဆက်လက်ရှင်းပြပါတယ်။

ဈေးကွက်ကောင်းမယ်ဆိုရင်တော့ ကာမိတယ်။ သူက တစ်ရွက် တစ်ခါတည်း ခုတ်လို့ မကုန်ဘူးလေ။ ပန်း တွေလိုဆို တစ်ခါတည်းခုတ် တစ်ခိုင်ကုန်သွားတာလေ။ ကိုက်လန်ကြတော့ အရွက်ကြားတွေမှာ အတက်လေး ပြန်ပြန်ထွက်ပြီးတော့ အညွှန့်ပြန်ထွက်တယ်။ ငါးညွှန့် ခြောက်ညွှန့်ထိ ရတယ်။ ဆယ်ကြိမ် ဆယ်ငါးကြိမ်ထိ သူက ခုတ်လို့ ရတယ်။ မြေသြဇာလေး ပြန်ထည့်ပေးလိုက် စားကြမ်းလေးလည်း သူတို့က ကြိုက်တယ်။ ဘာမှ စားကြမ်း မထည့်ဘူးဆိုရင် နည်းနည်းရင့်သွားရင် မာမာလေး ဖြစ်သွားတယ်။ စားမကောင်းဘူး။ တစ်ကိုင်ဆိုရင် တစ်စီး ၆၀  သွင်းရတယ်။ ပွဲရုံသွင်းကြတော့ ၅၀ လို့ပဲပြောတယ်။ သူတို့က တစ်ဆင့်ခံပြီးတို့ မန္တလေးတို့ နယ်လေးတွေ ပို့ကြတာပေါ့နော်။ အခုက မုန်လာတွေ တအားပေါတော့ ဈေးက နည်းတယ်။ ခါတိုင်းဆို ၁၀၀ ရှိတယ်။ မုန်လာပေါ်ချိန်နဲ့ ရာသီသွားတူနေတော့လေ။ အဲထက်အောက်ကျသွားရင်တော့ ကုန်ကြစရိတ်နဲ့ဆို ကာမိရုံလောက်လေးပါပဲ။ ၅၀ အထက်ရောက်သွားရင် တွက်ချေကိုက်ပါတယ်။

ကိုက်လန်ပင်မှာ ကျရောက်တတ်တဲ့ ပိုးတွေကတော့ ဂေါ်ဖီထုပ်မှာ ကျလေ့ရှိတဲ့ ပိုးတွေ ဖြစ်တဲ့ ပြပိုး ကျိုင်းကောင်နဲ့ လောက်ကောင်တို့ပဲ ဖြစ်ပါတယ်။ လက်နဲ့ကောက်ပြီးတော့ နှိမ်နှင်းနိုင်သလို ပိုးသတ်ဆေးဖျန်းပြီးတော့လည်း နှိပ်နှင်းနိုင်ပါတယ်။ ပိုးသတ်ဆေးဖျန်းပြီးတော့ နှိမ်နှင်းမယ်ဆိုရင်တော့ စားသုံးသူတွေ မထိခိုက်အောင် သတိထားဖို့ လိုပါတယ်။

ကိုက်လန်ကိုတော့ အကြမ်းအားဖြင့် စစိုက်တဲ့ အချိန်ကနေ နှစ်လခွဲလောက်ဆိုရင် ရောင်တန်းဝင်တဲ့ အရွက်တွေ ရပါပြီ။ အရွက်ခူးနိုင်တဲ့ ကာလကတော့ ကိုယ့်ရဲ့ ပြုစုမှုပေါ်မှာ မူတည်ပြီး သုံးလလောက်ထိ ရှိပါတယ်။ ဒီတော့ ကိုက်လန်ရဲ့ သက်တမ်းဟာ ငါးလခွဲလောက်ထိ ရှိနေပါတယ်။ ကိုက်လန်ပင်ကို မျိုးထားဖို့ ရည်ရွယ်တယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ အပင်ကို တုတ်တိုင်စိုက်ပြီး အမှတ်သားပြုလုပ်ပေးထားပါ။ အပင်ရင့်အောင် ထားပြီးတော့ ရလာတဲ့ မျိုးစေ့ကို နေနှစ်ရက်လောက် လှမ်းပေးရမှာပါ။ ပြီးရင်တော့ အအေးခံပြီး လေလုံအောင် ပုလင်းထဲမှာ ထည့်ထားရပါတယ်။ ဒီလိုမျိုးယူထားတဲ့ မျိုးစေ့ဟာ ၂နှစ်ထိ ထားခံတယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်အပင်တွေဟာ လူတို့ရဲ့ တစ်နေ့တာ စားသုံးမှုတွေထဲမှာ မပါမဖြစ်ပါ။ စိုက်ပျိုးထုတ်လုပ်သူ ရောင်းချသူနဲ့ စားသုံးသူတို့ဟာ အဆင့်ဆင့် ပတ်သက်နေရပါတယ်။ ဟင်းသီးဟင်းရွက် ဈေးကွက်ထဲမှာတော့ စားသုံးသူတွေရဲ့ ရွေးချယ်ဝယ်ယူမှုဟာ ရောင်းအားကို ဖြစ်စေပါတယ်။ ဒါကြောင့် စိုက်ပျိုးသူတွေ အနေနဲ့ ဈေးကွက် အကြိုက်ကို လိုက်နိုင်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ကြိုက်တာကတော့ မေမြို့ဆိုရင်လည်း အရိုးနည်းနည်းကြီးတာပေါ့။ သေးလို့ရှိရင် စားတဲ့သူက မကြိုက်တော့ဘူး။ ရောင်းတဲ့သူကတော့ လှတာကြိုက်တာပဲလေ။ အရမ်းသေးရင် မရောင်းရဘူး၊ ကြီးရင် ရောင်းရတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required