မြန်မာနိုင်ငံကြုံတွေ့နိုင်မည့် စိန်ခေါ်မှု့ အသစ်များကိုဖြေရှင်းရာတွင် ပြင်သစ်မှ ထောက်ခံပေးရန် အဆင်သင့်ရှိ

မြန်မာနိုင်ငံကြုံတွေ့နိုင်မည့် စိန်ခေါ်မှု့ အသစ်များကိုဖြေရှင်းရာတွင် ပြင်သစ်မှ ထောက်ခံပေးရန် အဆင်သင့်ရှိ

ရန်ကုန်၊ မတ် ၃၁ ။           ။ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံကြုံတွေ့နိုင်မည့် စိန်ခေါ်မှု့အသစ်များကို ဖြေရှင်းရာတွင် ထောက်ခံမှုပေးနိုင်ရန် အဆင်သင့်ရှိကြောင်း ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Jean-Marc Ayrault က မတ် ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ကြော်ငြာချက်တွင် ဒီမိုကရေစီနှင့် လွတ်လပ်မှုရရှိရေးအတွက် ဦးဆောင်တိုက်ပွဲဝင်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွပေးဆပ်၊ စွန့်လွှတ်အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့ကြသူများကို ချီးကျူးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် သမ္မတရုံးဝန်ကြီးတာဝန်များကို တာဝန်ယူရန်ခန့်အပ်ခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များအားလုံးကို ပြင်သစ်နိုင်ငံမှ ဂုဏ်ပြုကြောင်း ပါရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအတွက် မြန်မာပြည်သူလူထု၏ အသံကိုကိုယ်စားပြုပြီး ယခုအချိန်မှ စတင်၍ တရားဝင်တာဝန် ထမ်းဆောင်တော့မည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းမြောက်ပျော်ရွှင် ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ငန်းတာဝန်အသစ်များအောင်မြင်စေရန် ဆုတောင်းပါကြောင်း ဖေါ်ပြထားသည်။

မတ်  ၃၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရသစ်သည် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် သမ္မတရုံးဝန်ကြီးတာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly