ရုရှားအနီး အရှေ့ဥရောပတွင် အမေရိကန်က နောက်ထပ်သံချပ်ကာတပ်ဖွဲ့ ချထားမည်

ရုရှားအနီး အရှေ့ဥရောပတွင် အမေရိကန်က နောက်ထပ်သံချပ်ကာတပ်ဖွဲ့ ချထားမည်

ဝါရှင်တန်၊ မတ် ၃၁ ။             ။ အမေရိကန်ပြည်ထောင်စုက အရှေ့ဥရောပတွင် နောက်ထပ်သံချပ်ကာတပ်ဖွဲ့တစ်ခု ချထားခြင်းဖြင့် ရုရှား၏ နောက်ဖေးတံခါးတွင် စစ်အင်အားတည်ရှိမှုကို မြင့်တင် သွားမည်ဟု ပင်တဂွန်က ပြောသည်။

အဆိုပါတပ်ဖွဲ့သည် ၂၀၁၇အစောပိုင်းမှ စ၍ အလှည့်ကျတာဝန်ထမ်းဆောင်မှုများ စတင်သွားမည်ဟု ဥရောပရှိ ထိပ်တန်းအမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး ဖိလစ်ဘရီးဒ်လပ်ဗ်က မတ် လ၃၀က ပြောသည်။ ယင်းသို့ နောက်ထပ်ချထားမှုက အမေရိကန်၏ စစ်ရေးဖြန့်ကျက်မှုအဖြစ် လူအင်အားအပြည့်အဝပါသော တပ်ဖွဲ့သုံးဖွဲ့ရှိလာမည်ဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းမှာ အရှေ့ယူကရိန်းတွင် အကျပ်အတည်းဖြစ်ပေါ်နေစဉ် ရန်လိုသော ရုရှားအား တုံ့ပြန်ခြင်းဖြစ်သည်ဆိုသည်။

"ဒီလို စစ်တပ်ပိုင်း အကောင်အထည်ဖော်တဲ့ အစီအမံက အရှေ့ဥရောပနဲ့ အခြားနေရာတွေမှာ ရုရှားက ရန်လိုမှုကြောင့် နေတိုးမဟာမိတ်တွေနဲ့ ပါတနာတွေ စိတ်မပူရေးအတွက် ကျွန်တော်တို့ရဲ့ အားကောင်းပြီး ချိန်ခွင်လျှာညိတဲ့ ချဉ်းကပ်မှုကို ဆက်လက်ပြသနေမှာဖြစ်ပါတယ်"ဟု ဘရီးဒ်လပ်ဗ်က ပြောသည်။

"ကျွန်တော်တို့ရဲ့ မဟာမိတ်နဲ့ ပါတနာတွေဟာ ပိုပြီး စွမ်းဆောင်ရည်ရှိလာမှာဖြစ်ပါတယ်"ဟု ၎င်းကထပ်ပြောသည်။ မဟာမိတ်နှင့် ပါတနာတို့၏ နိုင်ငံများတွင် ပိုမိုခေတ်မီသော လက်နက်ကိရိယာများ တပ်ဆင်ထားသော သံချပ်ကာတပ်ဖွဲ့တစ်ခုကို တွေ့မြင်ရမည်ဟုလည်း ၎င်းကဆိုသည်။

လွန်ခဲ့လက အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက ထုတ်ဖော်ပြောကြားခဲ့သော ပင်တဂွန်က အဆိုပြုထားသော ဘတ်ဂျက်က ဥရောပတွင် စစ်ဆင်ရေးများအတွက် လေးဆပို၍ အသုံးပြုနိုင်မည်ဖြစ်ပြီး ဒေါ်လာ ၃ဒသမ၄ဘီလျံရှိသည်။

"ကျမတို့ဟာ ကျမတို့ရဲ့ အကျိုးစီးပွား၊ ကျမတို့ရဲ့ မဟာမိတ်တွေနဲ့ ဥရောပမှာ နိုင်ငံတကာဆိုင်ရာအစီအစဉ်ကျမှု စည်းမျဉ်းစည်းကမ်းတွေကို ကာကွယ်မှာဖြစ်တဲ့ အကြောင်း ရှင်းရှင်းလင်းလင်းပြောကြား ထားပြီးဖြစ်ပါတယ်"ဟု ပင်တဂွန်ပြောခွင့်ရအမျိုးသမီး လောရာဆီးလ်က ပြောကြားခဲ့သည်။

မော်စကိုသည် ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားစကားပြော တိုက်ခိုက်ရေးသမားများကို လူအား၊ လက်နက်အား၊ အရင်းအမြစ်များဖြင့် ကူညီနေသည်ဟု အမေရိကန်နှင့် မဟာမိတ်များက စွပ်စွဲလျက်ရှိသည်။ သို့သော်လည်း ရုရှားက ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required