မြန်မာ့သမိုင်းဝင် အာဏာလွှဲပြောင်းတဲ့နေ့မှာ နိုင်ငံတကာမီဒီယာတွေက ဒီလိုရေးတယ်

မြန်မာ့သမိုင်းဝင် အာဏာလွှဲပြောင်းတဲ့နေ့မှာ နိုင်ငံတကာမီဒီယာတွေက ဒီလိုရေးတယ်
(ဓာတ်ပုံ-ဟောင်ဆာ (ရာမည) မဇ္စျိမ)

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအရပ်သားသမ္မတဖြစ်လာတဲ့ ဦးထင်ကျော်နဲ့ အစိုးရအဖွဲ့သစ် အာဏာလွှဲပြောင်းရယူတဲ့ မြန်မာ့သမိုင်းဝင်နေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့   နိုင်ငံတကာ မီဒီယာအများအပြားက သတင်းတွေ အပြိုင်အဆိုင် ရေးသားတင်ဆက်ခဲ့ကြပါတယ်။

အဲဒီလို နိုင်ငံတကာမီဒီယာတွေက တင်ဆက်ခဲ့တာတွေထဲကမှ ထူးခြားတဲ့သုံးသပ်တင်ဆက်မှုအချို့ကို မဇ္ဈိမ ပရိသတ်တွေအတွက် ကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။

ဒီပလိုမတ်

နိုင်ငံတကာရေးရာသတင်းဌာနတစ်ခုဖြစ်တဲ့ ဒီပလိုမတ်သတင်းဌာနမှာတော့ ဆောင်းပါးရှင် ဂျိုရှုဝါကာလန်ဇစ်ခ် ရဲ့  '' Assessing Myanmar’s New Cabinet '' ဆိုတဲ့ မြန်မာအစိုးရအဖွဲ့သစ်ကို အကဲဖြတ်ထားတဲ့ ဆောင်းပါးကို ဖော်ပြထားပါတယ်။

မြန်မာအစိုးရအဖွဲ့မှာ အရေးပါတဲ့ဝန်ကြီးနေရာအချို့ကို စစ်တပ်ကအဆိုပြုတဲ့ ဝန်ကြီးတွေကတာဝန်ယူမှာဖြစ်ပေမယ့် ဝန်ကြီးဌာနအများစုကိုတော့ NLD ကရွေးချယ်တဲ့ဝန်ကြီးတွေက တာဝန်ယူသွားမှာဖြစ်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန ၄ ခုရဲ့ဝန်ကြီးအဖြစ် တာဝန်ယူသွားမယ့်အကြောင်း အဆိုပါဆောင်းပါးမှာ ရေးသားထားပါတယ်။

မြန်မာအစိုးရအဖွဲ့သစ်ဟာ ဒီမိုကရေစီစနစ်ကိုကူးပြောင်းတဲ့နိုင်ငံတွေမှာ မြင်တွေ့ရလေ့ရှိတဲ့အတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေထဲမှာ ပညာရေးနဲ့ကျွမ်းကျင်မှုမြင့်မားတဲ့ ပညာရှင်ပုဂ္ဂိုလ်တွေနဲ့ ပါတီအပေါ်သစ္စာရှိတဲ့ ယုံကြည်စိတ်ချရသူတွေ ပေါင်းစပ်ပါဝင်နေတာကိုတွေ့ရကြောင်း သုံးသပ်ပြထားပြီး ဝန်ကြီးအချို့အပေါ်အကဲဖြတ်မှုတွေလည်း ပြုလုပ်ထားတာကို တွေ့ရပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့် ဦးအုန်းမောင်ဟာ အောင်မြင်နေတဲ့ဟိုတယ်လုပ်ငန်းရှင် တစ်ဦးဖြစ်သလို ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းမှာ အတွေ့အကြုံရင့် ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သုံးသပ်တင်ပြထားသလို၊ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်တာဝန်ယူမယ့် ဦးနိုင်သက်လွင်ကိုလည်း မွန်အမျိုးသားပါတီရဲ့ ခေါင်းဆောင်အဖြစ်နဲ့  တိုင်းရင်းသားပါတီတွေရဲ့လေးစားမှုကို ရရှိထားသူအဖြစ် ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန ၄ ခုအထိတာဝန်ယူလိုက်တဲ့အတွက် သူမမူလကပြောထားတဲ့အတိုင်း အစိုးရအဖွဲ့ကို ဦးဆောင်သွားနိုင်မှာဖြစ်တဲ့အကြောင်းရေးသားဖော်ပြထားပြီး ဦးထင်ကျော်ရဲ့ ဦးဆောင်မှုအခန်း ကဏ္ဍကိုတော့ စောင့်ကြည့်ဖို့လိုအပ်ဦးမှာဖြစ်ကြောင်းလည်း သုံးသပ်ထားပါတယ်။

ဒါပေမဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးကျော်ဝင်းကိုရွေးချယ်ခဲ့တာနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် ဦးသန်းမြင့်တို့ကို ရွေးချယ်ခဲ့တာနဲ့ပတ်သတ်လို့တော့       မကြာသေးမီကထွက်ပေါ်ခဲ့တဲ့ ၎င်းတို့ရဲ့ပညာအရည် အချင်းနဲ့ပတ်သတ်တဲ့သတင်းတွေ   ကိုထောက်ပြကာ ဆောင်းပါးရှင်က ဝေဖန်မှုတွေပြုလုပ်ထားတာကိုတွေ့ရပါတယ်။

ဘီဘီစီ

ဗြိတိန်အခြေစိုက်ဘီဘီစီ သတင်းဌာနက မြန်မာ့သမိုင်းဝင်အာဏာလွှဲပြောင်းတဲ့နေ့မှာ  '' Myanmar: Thein Sein leaves legacy of reform '' လို့ခေါင်းစဉ်တပ်ကာ ဦးသိန်းစိန် လက်ထက်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲခဲ့တာတွေကို အလေးပေးရေးသားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ အရှိန်နှေးခဲ့တယ်လို့ ဝေဖန်သူတွေရှိသလို၊ နောက်ကြောင်းပြန်လှည့်တယ်လို့ ဝေဖန်သူတွေလည်း ရှိခဲ့ပေမယ့် ဦးသိန်းစိန်လက်ထက်မတိုင်မီက အခြေအနေနဲ့ လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသာတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပြီဆိုတာကိုတွေ့ရ မှာ ဖြစ်ကြောင်း ဘီဘီစီသတင်းထောက် ဂျိုနာဖစ်ရှာက ရေးသားထားပါတယ်။

အဲဒီလိုရေးသားတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွားရေး နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုးတက်လာမှုတွေကို ကဏ္ဍအလိုက် တင်ပြခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာ၊ ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်အမတ်ဖြစ်လာတာတွေကို ဦးသိန်းစိန်လက်ထက် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအဖြစ် ဂျိုနာဖစ်ရှာက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့ ၅ နှစ်တာရဲ့ နောက်ပိုင်း ၂ နှစ်မှာ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်လျော့ကျသွားခဲ့ပြီး ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးကို ပါးစပ်ကဆက်လက်ပြောနေသေးပေမယ့် သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အကန့်အသတ်ရှိကြောင်း ဖော်ပြခဲ့တယ်လို့ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

စီးပွားရေးပိုင်းမှာတော့ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တာ၊ တရားဝင် ငွေလဲလှယ်ရေးစနစ်ဖြစ်ထွန်းလာတာ နဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေတာတွေကို သိသာတဲ့ပြောင်းလဲတိုးတက်မှုတွေအဖြစ် ဂျိုနာဖစ်ရှာက တင်ပြထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သတ်လို့တော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပြီး လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ တစ်နိုင်ငံလုံးအဆင့် အပစ်ရပ်စာချုပ်လက်မှတ်   ရေးထိုးနိုင်ခဲ့ ကြောင်းဖော်ပြသွားခဲ့ပါတယ်။

 အေအက်ဖ်ပီ

အေအက်ဖ်ပီ သတင်းဌာနကတော့ မြန်မာ့သမိုင်းဝင်အာဏာလွှဲပြောင်းတဲ့နေ့ကို မြန်မာ့အာရုဏ်ဦးအသစ်လို့ တင်စား လိုက်ပြီး ဒီလိုသမိုင်းဝင်နေ့ကို အကြောင်းပြုကာ မြန်မာ့နိုင်ငံဖြတ်သန်းမှုဖြစ်စဉ်ကို ခုနှစ်အလိုက်ပြန်လည် ဖော်ပြခဲ့ပါတယ်။

အဲဒီလို ဖော်ပြတဲ့နေရာမှာ အင်္ဂလိပ်တွေလက်အောက်ကျရောက်ခဲ့ရတဲ့ ၁၈၈၅ ခုနှစ်ကနေ လက်ရှိ ၂၀၁၆ ခုနှစ်အထိကို အချိန်ပြမျဉ်းအဖြစ်နဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စီအန်အေ

စင်္ကာပူသတင်းဌာန စီအန်အေကတော့ မြန်မာပြည်သူတွေက အစိုးရအဖွဲ့အသစ်အပေါ် မျှော်လင့်ချက်မြင့်မြင့်မားမား ထားရှိနေကြောင်း ဖော်ပြခဲ့ကာ သမ္မတသစ် ဦးထင်ကျော်အကြောင်းတွေကို အလေးပေးဖော်ပြသွားခဲ့တာကို တွေ့ရပါတယ်။

အဲဒီလိုဖော်ပြတဲ့နေရာမှာ မြန်မာ့နိုင်ငံရေးရှေ့ခရီးမှာ ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေကိုပဲ လိုက်ပါလုပ်ဆောင်မလား၊ ကိုယ်တိုင်ခေါင်းဆောင်တစ်ယောက်အဖြစ်နဲ့ ပါဝင်ဆောင်ရွက်သွားနိုင်မလားဆိုတာကိုပါ မြန်မာပြည်တွင်းက နိုင်ငံရေးလေ့လာသုံးသပ်သူတွေကို မေးမြန်းထားတာတွေနဲ့တကွ သုံးသပ်တင်ပြထားတာကို တွေ့ရ ပါတယ်။

ဒါ့အပြင် ဦးထင်ကျော်အနေနဲ့ တိုင်းပြည်စီးပွားရေး နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ် တည်ဆောက်ဖို့ လိုအပ်မှာ ဖြစ်ကြောင်းလည်း ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတည်ထောင်သူ ဦးမြတ်သူ ရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required