အိန္ဒိယသို့ S-400 ဒုံးကျည်စနစ်များ ရောင်းချရန် ရုရှားအသင့်ရှိ

အိန္ဒိယသို့ S-400 ဒုံးကျည်စနစ်များ ရောင်းချရန် ရုရှားအသင့်ရှိ

မော်စကို၊ မတ် ၃၀ ။           ။ လွန်ခဲ့သည့်နှစ်က နယူးဒေလီ၏ မေတ္တာရပ်ခံချက်အရ အိန္ဒိယသို့ S-400 Triumph လေယာဉ်ပစ်ဒုံးကျည်စနစ်များ ရောင်းချရန် မော်စကိုက အဆင်သင့်ဖြစ်နေပြီဟု ရုရှား၏ စစ်ဘက်နည်းပညာကော်ပိုရေးရှင်းဗဟိုအဖွဲ့(FSMTC)က ပြောသည်။

"အိန္ဒိယကို S-400 စနစ်တွေ ရောင်းချရေးနှင့် ပတ်သက်တဲ့ အစိုးရအချင်းချင်းကြား သဘောတူညီချက်မူကြမ်းတစ်ခုကို ဗဟိုအဖွဲ့က ပြင်ဆင်ထားပြီး ကျွန်တော်တို့ရဲ့ ပါတနာတွေဆီကို ပေးပို့ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဖြေကြားချက်တစ်ခုကို စောင့်နေပါတယ်"ဟု FSMTC ဒု-ညွှန်ကြားရေးမှူး ဗလာဒီမာဒရော့ဇ်ဇော့ဗ်က အင်္ဂါနေ့က Defexpo India 2016 ပြပွဲ၏ ကြားကာလ အချိန်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းအေဂျင်စီက အစီရင်ခံခဲ့သည်။

ရုရှားလုပ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များ ဝယ်ယူရေးအား နယူးဒေလီအစိုးရက အတည်ပြုထားပြီဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိ ကာကွယ်ရေးပစ္စည်း စုဆောင်းရေးကောင်စီက ဒီဇင်ဘာ ၁၇က ပြောကြားခဲ့သည်။ ကန်ထရိုက်တန်ဘိုးအား တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း သတင်းဋ္ဌာနများ၏ ဖော်ပြချက်အရ ဒေါ်လာ ၆ ဘီလျံအထိရောက်ရှိနိုင်သည်ဟု သိရသည်။

ပဲ့ထိန်းဒုံးများနှင့် စတဲ့လ်သ်လေယာဉ်များ၏ ရန်မှကာကွယ်ရာတွင် ကာကွယ်ရေးစွမ်းရည်လစ်ဟာနေမှုကို ဖြည့်ဆည်းရေးအတွက် အဆိုပါဒုံးကျည်များကို အသုံးပြုရန် အိန္ဒ္ဒိယက ရည်ရွယ်ထားသည်။ S-400 ဒုံးကျည်များသည် ကီလိုမီတာ ၄၀၀ အကွာအဝေးအထိပစ်ခတ်နိုင်ပြီး နည်းဗျူဟာနှင့် မဟာဗျူဟာမြောက်လေယာဉ်များကို ဖျက်ဆီးနိုင်သည့်အပြင် ပဲ့ထိန်းဒုံးနှင့် ခရုဇစ်ဒုံးကျည်များကိုလည်း ဖျက်ဆီးနိုင်သည်။

Defexpo India 2016 နိုင်ငံတကာပြပွဲကို အိန္ဒိယနိုင်ငံ ဂိုအားပြည်နယ် ကွစ်တိုမြို့တွင် မတ် ၂၈မှ မတ်၃၁အထိကျင်းပသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly