ရခိုင့် အကျိုးစီးပွားကို ကျောခိုင်းခဲ့ပြီ ANP ပါတီ

ရခိုင့် အကျိုးစီးပွားကို ကျောခိုင်းခဲ့ပြီ ANP ပါတီ

ရခိုင်ပြည်နယ်က နောက်ဆုံး ဖြစ်ထွန်းမှုကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးအတွက် သတင်းကောင်း တစ်ပုဒ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသူ ဦးထင်ကျော်ကနေ ရခိုင်တိုင်းရင်းသား ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ့်သူအဖြစ် ပြည်နယ်လွှတ်တော်ကို နာမည်စာရင်း ပေးပို့ပါ တယ်။ လွှတ်တော်အစည်းအဝေး ကျင်းပချိန်အတွင်း ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် နာမည်စာရင်း တင်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ရခိုင်အမျိုးသားပါတီ ANP အမတ်တွေ လွှတ်တော် ခန်းမထဲက ထွက်ခွာ သွားခဲ့ကြပါတယ်။ အဓိပ္ပါယ်ကတော့ ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာကို လက်မခံဘူးလို့ ဆိုလိုက်တာပါ။

လက်ရှိ ANP ပါတီ ဆိုတာဟာ အရင် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ခေါင်းဆောင်တွေရဲ့ လက်ထဲ ရောက်နေတာပါ။ ANP ပါတီ အမတ်တွေရဲ့ လုပ်ရပ်ကိုလည်း အရင် RNDP ခေါင်းဆောင်တွေရဲ့ လုပ်ရပ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလို လုပ်ရပ်တွေ၊ ရှေ့ပိုင်း ထုတ်ပြန်ထားတဲ့ ကြေငြာချက်တွေအရ ဒေါက်တာအေးမောင် ရဲ့ RNDP အုပ်စုက လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ANP ပါတီရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ ရခိုင် ပြည်သူတွေနဲ့ ရခိုင်ပြည်နယ် အကျိုးဖြစ်စေသလား၊ ဒါမှမဟုတ် ရခိုင့် အကျိုးစီးပွားကို ကျောခိုင်းခဲ့ကြ ပြီလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒီ့မတိုင်ခင် ANP ပါတီခေါင်းဆောင်ပိုင်းကို ချုပ်ကိုင်ထားတဲ့ ဒေါက်တာအေးမောင် အုပ်စုက ထုတ်ပြန်ချက် နှစ်ခုလုပ်ပါတယ်။ ပထမတစ်ခုကတော့ တိုင်းရင်းသားတွေ ပူးပေါင်းထားတဲ့ UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ထဲက ထွက်မယ်၊ အဲဒီ တပ်ပေါင်းစုနဲ့ လမ်းခွဲမယ် ဆိုတာပါ။ တကယ်တော့ UNA ဆိုတာဟာ သမိုင်းဝင် တိုင်းရင်းသား မဟာမိတ် တပ်ပေါင်းစုပါ။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ပါတီ တွေ စုပေါင်းထားတဲ့ အဖွဲ့တစ်ခုပါ။ အဲဒီ မဟာမိတ်ထဲမှာ အခြားသော တိုင်းရင်းသား ပါတီတွေနဲ့အတူ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ALD လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံချင်တဲ့ စစ်အာဏာရှင်တွေဟာ အင်န်အယ်လ်ဒီ၊ ALD အပါအဝင် တိုင်းရင်းသား ပါတီတွေကို အကြီးအကျယ် ဖိနှိပ်ခဲ့ပါတယ်။ အင်န်အယ်လ်ဒီပါတီ နည်းတူ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေလည်း အရေးယူ၊ ဖမ်းဆီး၊ ထောင်ချတာ ခံခဲ့ကြရပါတယ်။

ဒါပေမယ့် အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေကပါ အာဏာရှင်တွေကို ဒူးမထောက်ခဲ့ပါဘူး။ ဖိနှိပ်မှု အောက်ကနေ အလံမလှဲပဲ နိုင်ငံရေး လုပ်ငန်းတွေ ဆက်လုပ်ခဲ့ကြ ပါတယ်။ ၂၀၁၀ ရွေးကောက် ပွဲ ကျင်းပတော့လည်း တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် အင်န်အယ်လ်ဒီ ရော UNA မှာပါတဲ့ အခြား တိုင်းရင်သား အဖွဲ့တွေကပါ အားလုံး ညီညီညာညာ သပိတ်မှောက်ခဲ့ကြပါတယ်။ ပြောရရင် UNA ဆိုတာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး၊ တိုင်းရင်းသား တန်းတူရေး အတွက် စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်ခဲ့တဲ့ တကယ့် တိုင်းရင်းသား တပ်ပေါင်းစုကြီးပါ။ ဒေါက်တာ အေးမောင်နဲ့ အဖွဲ့ဟာ ANP ပါတီကို ဒီ တပ်ပေါင်းစုကြီးကနေ နှုတ်ထွက်ဖို့ လုပ်တာဟာ မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွား မဟုတ်သလို၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားလည်း မဟုတ်ခဲ့ပါဘူး။

နောက်တစ်ချက်ကတော့ တို့ပါတီကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာပေး၊ တို့ဦးဆောင်ပြီး ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့မယ်၊ မရရင် အင်န်အယ်လ်ဒီရဲ့ ဘယ်အစိုးရအဖွဲ့မှာမှ ပူးပေါင်းပါဝင်မှာ မဟုတ်ဘူး၊ အတိုက်အခံ အဖြစ်နဲ့ပဲ ရပ်တည်သွားမယ်ဆိုတဲ့ သဘောထားပါ။ အခု အဲဒီ သဘော ထားအတိုင်း အမတ်တွေကို လွှတ်တော်တွင်းမှာ ရပ်တည်ခိုင်းခဲ့ပါတယ်။ ပြောရရင် ဒေါက်တာ အေးမောင်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အရင် စစ်အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ကာလ၊ စစ်တပ်ကျော ထောက်နောက်ခံနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ အုပ်ချုပ်တဲ့ ကာလတုန်းကတောင် ပြည်ခိုင်ဖြိုးပါတီကို ခုလို မဆက်ဆံ ဖူးပါဘူး။ ရခိုင်တိုင်းရင်းသားလည်း မဟုတ်၊ တပ်မတော် စစ်အရာရှိလည်းဖြစ်တဲ့ ဗိုလ်ချုပ် မောင်မောင်အုန်းကိုတောင် ကြိုကြိုဆိုဆို လုပ်ခဲ့သူပါ။ အခု အင်န်အယ်လ်ဒီကို ဒီလို မပူးပေါင်းဘူးလို့ပြောတာ၊ အတိုက်အခံလုပ်ပြတာတွေဟာ ဘယ်သူတွေ အကျိုးစီးပွား အတွက်လည်း စဉ်းစားဖို့ လိုပါတယ်။

ပြောရရင် လက်ရှိအချိန် မြန်မာနိုင်ငံဟာ သမိုင်းဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခြေအနေကို ဖြတ်သန်းနေပါတယ်။ အသွင်ကူးပြောင်းရေး ချောချောမွေ့မွေ့ဖြစ်စေရေး၊ ပေါ်ပေါက် လာမယ့် အင်န်အယ်လ်ဒီအစိုးရ တည်တည်ငြိမ်ငြိမ်နဲ့ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ရရေးဆိုတာ သေရေးရှင်ရေးတမျှ အရေးကြီးနေပါတယ်။ မဟုတ်ရင် နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့၊ စစ်အုပ် ချုပ်ရေး အောက်ကိုပြန်ရောက်သွားနိုင်တဲ့ အခြေအနေဟာ အချိန်တိုင်းအချိန်တိုင်းမှာ ရှိနေတာပါ။ ဒီအတွက် အင်န်အယ်လ်ဒီပါတီ တည်ငြိမ်ရေးဟာ တိုင်းပြည်မှာ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးပါတယ်။ အခု ANP ပါတီထဲက ဒေါက်တာအေးမောင် အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တည်ငြိမ်ရေးကို မလို လားတဲ့ပုံ ပေါက်နေပါတယ်။ ဒါဆို အဖြေက ရှင်းပါတယ်။ ဒေါက်တာအေးမောင်နဲ့အဖွဲ့ဟာ ငါတို့ဟာ ရခိုင်ပြည်နယ်မှာ အာဏာရမယ်ဆိုရင် ပြည်ထောင်စုအဆင့်မှာ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် အရေးမကြီး လို့ မှတ်ယူထားပုံပါပဲ။ သူတို့မသိတာ၊ နားမလည်တာက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် တည်ရှိ နေသမျှ၊ စစ်တပ်ကျောထောက်နောက်ခံနဲ့ အစိုးရ အုပ်ချုပ်နေသမျှ ရခိုင်တွေ ဘယ်သောအခါမှ ဒီမိုကရေစီ မရဘူးဆိုတာပါ။ ရခိုင်ပြည် ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်မလာဘူး ဆိုတာပါ။ ရခိုင်တွေ အောက်ကျနောက်ကျ ဘဝကနေ ဘယ်တော့မှ တက်မလာဘူးဆိုတာပါ။

ဒါကြောင့် ANP ရဲ့ အင်န်အယ်လ်ဒီကို အတိုက်အခံလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ပြည်ထောင်စုကြီးကို အကျိုးယုတ် စေမှာ ဖြစ်သလို၊ ရခိုင်ပြည်နယ်ကိုလည်း အကျိုးနည်းစေမှာသာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ANP ပါတီထဲကနေ သမိုင်းဝင် ALD ပါတီရဲ့ ခေါင်းဆောင်တွေကို ထုတ်ပယ်လိုက်ခြင်းပါ။ ရခိုင်ပြည်သူတွေ ANP ပါတီကို စုပြုံမဲပေးခဲ့တာ ဒေါက်တာအေးမောင် အုပ်စု တစ်စုထဲကို မဟုတ်ပါဘူး။ RNDP နဲ့ ALD ပေါင်းစည်းထားတဲ့၊ စည်းလုံးညီညွတ်တဲ့ ANP ကို မဲပေး ထားတာပါ။ မဲရပြီးကာမှ၊ ရွေးကောက်ပွဲမှာ အနိုင်ရပြီးကာမှ ALD ခေါင်းဆောင်တွေကို ANP ထဲကနေ ထုတ်ပယ်ပစ်လိုက်တာဟာ ပါတီကို မောင်ပိုင်စီးလိုက်ခြင်း၊ တစ်နည်းအားဖြင့် ရခိုင်ပြည်သူတွေရဲ့ မဲဆန္ဒတွေကို အပိုင်စီး အရယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ကောင်းမွန်တဲ့လုပ်ရပ် မဟုတ်သ လို ရခိုင်ပြည်သူတွေကို အကျိုးမဖြစ်ထွန်းစေပါဘူး။

စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရအောက်မှာ ရခိုင် ပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်ဖြစ်ခဲ့ရုံတင်မက၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခကြောင့် ပိုပြီး ဒုက္ခရောက်ခဲ့ရပါတယ်။ ဝါရင့် ရခိုင်နိုင်ငံရေးသမား၊ ရခိုင်တိုင်းရင်းသား ဦးညီပုဟာ အင်န်အယ်လ်ဒီ ပြည်ထောင်စုအစိုးရနဲ့ လက်တွဲပြီး ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးကို အစွမ်းကုန် ဆောင်ရွက်မယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီလို ဝန်ကြီးချုပ်၊ ဒီလိုပါတီမျိုးကို အတိုက်အခံလုပ်မယ်ဆိုတာ ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို ကျောခိုင်းလိုက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly