မကွေးတိုင်းဝန်ကြီးချုပ်၏ ပိုင်ဆိုင်မှုကို လွှတ်တော်တွင် ဖွင့်ဟ

မကွေးတိုင်းဝန်ကြီးချုပ်၏ ပိုင်ဆိုင်မှုကို လွှတ်တော်တွင် ဖွင့်ဟ
(ဓာတ်ပုံ-ဒေါင်းလူ)

မကွေး၊ မတ် ၂၉ ။ ။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရထားသူ ပွင်ဖြူမြို့ မဲဆန္ဒနယ်မြေ အမှတ်(၂)မှ ဒေါက်တာအောင်မိုးညိုက ၎င်းပိုင်ဆိုင်မှုအား တိုင်းဒေသကြီးလွှတ်တော်တွင် မတ်လ ၂၉ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ 

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမည့် ဒေါက်တာအောင်မိုးညိုက "ကြွားတယ်လို့ မထင်ပါနဲ့။ ကျွန်တော့်ကိုယ်ပိုင်ပစ္စည်း၊ မပြောင်းရွေ့နိုင်တဲ့ပစ္စည်း၊ အဖိုးတန် လက်ဝတ်ရတနာစသည့်ဖြင့် ဘာတစ်ခုမှ ကျွန်တော်မပိုင်ဆိုင်ပါဘူး၊ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း ကိုယ်ပိုင်ဘဏ်စာရင်း ဖွင့်ထားခြင်းများ၊ အဆောက်အဦး ခြံမြေ ဝယ်ထားခြင်းများ ဘာတစ်ခုမှ မရှိပါဘူး၊ သို့သော် မြန်မာ့စီးပွားရေးဘဏ် ပွင့်ဖြူမှာ အောင်မိုးညို နာမည်နဲ့ ဘဏ်စာအုပ် အမှတ်စဉ် ၃၁၇မှာရှိတဲ့ သိန်း၄၀ခန့်ဟာ ရေဘေးဒုက္ခသည်များအတွက် ပြည်တွင်း ပြည်ပမှာရှိတဲ့ သူငယ်ချင်းများက လှူဒါန်းထောက်ပံတဲ့ ငွေများ ဖြစ်ပါတယ်၊ ဘဏ်စာရင်းအနေနဲ့ စာအုပ်ထဲမှာ လောလောဆယ် ကျပ်
တစ်သောင်းပဲ ကျန်ပါတယ်" ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ် ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီး မတ်လ ၂၉ရက်တွင် မကွေးတိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံချက်ဖြင့် ဝန်ကြီးချုပ် ဖြစ်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required