ရခိုင်အမျိုးသားပါတီ၏ လုပ်ရပ်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဝေဖန်

ရခိုင်အမျိုးသားပါတီ၏ လုပ်ရပ်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဝေဖန်
မတ် ၂၈ရက်က ရခိုင်ပြည်နယ် လွှတ်တော်တွင် ဖဲကြိုးနက် တပ်ဆင်ကာ ဆန္ဒဖော်ထုတ်သည့် ANP ပါတီဝင် အမတ်တစ်ဦး။ (ဓာတ်ပုံ- ကျော်မင်း၊ စစ်တွေ)

စစ်တွေ ၊ မတ် ၂၈ ရက် ။              ။ မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမအကြိမ်မြောက်နေ့တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ၏ ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပုက ဝေဖန်ပြောကြားလိုက်သည်။

“ ဒီနေ့အနေအထားလေးက သူတို့ဟာ အနက်ရောင် အမှတ်အသားလေးတွေကို ကပ်လာကြတယ်။ ကျွန်တော်တို့ အမြင်ကတော့ ဒီနေ့လွှတ်တော်ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ဖြစ်တယ်။ ပြည်သူတွေကိုယ်စား တာဝန်ယူပြီး ဆောင်ရွက်နေရတဲ့ လွှတ်တော်လည်းဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောထားကိုလည်းပဲ ကြည်ကြည်လင်လင်နဲ့ သူတို့ဆန္ဒတွေ ပြည့်ဝအောင် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ညီညွတ်အောင် ရှေ့လျှောက်ပြီး လုပ်ကြမှာကိုပဲ မြင်တွေ့ချင်ပါတယ်။”ဟု ဦးညီပုက ပြောသည်။

ယနေ့ လွှတ်တော်အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌမှာ ပုံမှန်ကျင်းပချိန်ထက် မိနစ် ၄၅ မိနစ်ခန့်မှ နောက်ကျပြီး မှ ရောက်ရှိလာခဲ့ကြသလို ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ မှာလည်း အနက်ရောင်စတစ်ကာများကို ရင်ဘတ်တွင် ကပ်လျှက် အစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။

ပြည်နယ် ဝန်ကြီးချူပ်ကို ဦးညီပုကို ခန့်အပ်ကြောင်း ကြေညာပြီးသည်နှင့် တပြိုင်နက် လွှတ်တော် ဥက္ကဌ နှစ်ဦးမှလွဲပြီး ကျန် ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်များမှာ လွှတ်တော်အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ကာ သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်ခဲ့ကြသည်။

“ဒီနေ့ကျွန်တော်တို့ ANP ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေ အနက်ရောင် စတေကာတွေ ကပ်လာတာဟာ ပါတီကထုတ်ပြန်ထားတဲ့ ၁/၂၀၁၆ မှာပါတဲ့အတိုင်း ရခိုင်ပြည်နယ်အစိုးရကို ဦးဆောင် ဖွဲ့စည်းခွင့်ကို လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံး အနိုင်ရထားတဲ့ ANP ရချင်တယ်လို့ ကြေညာထားတယ်။ ပြည်သူတွေလည်း တောင်းဆိုကြတယ်။ ဒါပေမယ့် NLD ရဲ့အမတ်ဖြစ်တဲ့ ဂွမြို့နယ် မဲဆန္ဒနယ်က ဦးညီပုကို တင်မြှာက်လိုက်တဲ့အတွက် ပြည်သူနဲ့ တသားတည်း ဝမ်းနည်းကြောင်းကိုပြသတာဖြစ်ပါတယ်။” ဟု သတင်းစာရှင်းလင်းပွဲကို ဦးဆောင်သူ ရခိုင်အမျိုးသားပါတီ၏ မြေပုံမဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် မကျေမနပ်မှုများကြောင့် လွှတ်တော် ဆက်လက်မတက်တော့ဘဲ ဆင်းလာခဲ့ကြသည့် ANP ၏ လွှတ်တော်ကိုယ်စားလှယ်များမှာ မည်သည့်ဥပဒေနှင့်မှ ငြိစွန်းမှုမရှိသည့်အပြင် ပါတီ၏ ခိုင်းစေချက်လည်း မဟုတ်ကြောင်းနှင့် ပြည်သူများ၏ သဘောထားအတိုင်း ရပ်တည်ခြင်းဖြစ်ပြီး ၎င်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့် ဖြစ်ကြောင်း ဦးအောင်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly