အပြောင်းအရွှေ့စျေးကွက်အတွင်း ငွေကြေးများစွာသုံးရန် အာစင်ဝင်းဂါးကို အိုဇေးလ် တောင်းဆို

အပြောင်းအရွှေ့စျေးကွက်အတွင်း ငွေကြေးများစွာသုံးရန် အာစင်ဝင်းဂါးကို အိုဇေးလ် တောင်းဆို

မတ် ၂၈၊ လန်ဒန် ။          ။ ၂၀၁၆ - ၁၇ ပရီးမီးယားလိဂ်ဘောလုံးရာသီသည် ခက်ခဲသောရာသီ တစ်ခုဖြစ်လာနိုင်သဖြင့် ငွေကြေးများစွာသုံးပြီး အာဆင်နယ်အသင်းကို အင်အားဖြည့်ရန် နည်းပြအာစင်ဝင်းဂါးကို အိုဇေးလ်က တောင်းဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ၁၂ လအတွင်း နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက်နှစ်ခုတွင် ငွေကြေးအနည်းငယ်သာသုံးစွဲခဲ့ပြီး ကစားသမား သစ်ဆို၍ ပီတာချက်နှင့် အယ်နန်နီတို့ကိုသာ ခေါ်ယူအားဖြည့် ခဲ့သည်။

သို့သော် ပရီးမီးယားလိဂ်ချန်ပီယံဆုရရန် အာဆင်နယ်အသင်းယှဉ်ပြိုင်လိုလျှင် ငွေကြေးပိုမိုသုံးစွဲသင့်သည်ဟု အိုဇေးလ်က ယုံကြည်နေသည်။

"မလွယ်တော့ဘူးဆိုတာ ကျွန်တော်တို့သိထားတယ်။ ပြီးတော့ နောက်ရာသီမှာထိပ်ပိုင်းကိုထပ်ရောက်ချင်တယ်ဆိုရင် ကစားသမားထပ်ခေါ်ဖို့ လိုတယ်။ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဘယ်အသင်းတွေက ဘယ်သူ့ကိုခေါ်မယ်၊ ဘယ်အသင်းတွေငွေဘယ်လောက်သုံးကြမယ်ဆိုတာ ထပ်ပြီး စိတ်ဝင်စားဖို့ကောင်းလာတော့မယ်"ဟု အိုဇေးလ်က ပြောသည်။

အင်္ဂလိပ်ဘောလုံးလောကသို့ ရောက်ရှိလာတော့မည့် တစ်ဦးတစ်ယောက်ကြောင့် ဖလားရရန်ပိုခက်ခဲသွားတော့မည့်အခြေအနေကိုလည်း ဂျာမနီလက်ရွေးစင်ကစားသမားက ထောက်ပြခဲ့သည်။

"ထိပ်တန်းနည်းပြတွေရောက်လာတော့မယ်။ ကျွန်တော်ဦးစားပေးစဉ်းစားမိတာကတော့ ဂွာဒီယိုလာပေါ့။ သူကဘယ်နေရာရောက်ရောက် အောင်မြင်တယ်။ သူ့အသင်းကိုကြောင်ဖို့ကောင်းအောင် လုပ်နိုင်စွမ်းရှိတဲ့ နည်းပြမျိုးပဲ။ မန်စီးတီးမှာ သူဘာလုပ်ပြဦးမလဲ ကျွန်တော်စိတ်ဝင်စားတယ်။ သူ့ရဲ့အယူအဆတွေကို အင်္ဂလန်ဆီသယ်လာပြီး လူတွေအံ့အားသင့်ကြလိမ့် မယ်"ဟု အိုဇေးလ်က ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly