ရခိုင်ပြည်နယ် ၀န်ကြီးချူပ်အရေး သူတို့ ဒီလို မြင်ကြတယ်

ရခိုင်ပြည်နယ် ၀န်ကြီးချူပ်အရေး သူတို့ ဒီလို မြင်ကြတယ်

စစ်တွေ၊ မတ် ၂၈ ရက် ။             ။ ရခိုင်ပြည်နယ်အတွင်းမှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ် ဝန်ကြီးချူပ်နေရာကို စွန့်လွှတ်ခဲ့ရပြီးတဲ့နောက်မှာ ရခိုင်ပြည်သူလူထုတွေရဲ့ သဘောထားဘာတွေရှိနိုင်မလဲ၊ ဘာတွေ မျှော်လင့်နေကြတာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး  မဇ္ဈိမက အလွှာစုံ ပြည်သူလူထုတွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မောင်တင်ဦး (စီးပွားရေးလုပ်ငန်းရှင်တစ်ဦး)

      

ရခိုင်ပြည်နယ်ဝန်ကြီးချူပ်ကို ရခိုင်ပါတီက ရခိုင်အမျိုးသားကပဲ ဖြစ်စေချင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ နောက်ပြီးတော့ ရခိုင်လူမျိုးက ဝန်ကြီးချူပ်ဖြစ်လို့ရှိရင် အစစအရာရာပေါ့ လမ်းပန်းဆက်သွယ်ရေးကအစ၊ လူမျိုးရေးကိစ္စတွေကအစ သူ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တခြားသော ပါတီက ဖြစ်မယ်ဆိုရင် သိတဲ့အတိုင်းပဲ အရင်တုန်းကလည်း ကျနော်တို့နိုင်ငံမှာက ပါတီတွေက တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါကြောင့် ကိုယ့်အမျိုးသားပါတီက ဖြစ်မယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်လို့တော့ ထင်ပါတယ်။

ဇော်လင်းဦး (လင်းစာပေဆိုင် - စစ်တွေမြို့)

ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ကို ရခိုင်ပါတီထဲက ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ မဖြစ်ခဲ့တော့ဘူးဆိုရင်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွားကို အမှန်တကယ် လုပ်ဆောင်နိုင်မယ့်သူကို ပိုပြီးတော့ ဖြစ်စေချင်တာပါ။

ဒေါ်ညိုအေး (တက်ကြွလှုပ်ရှားသူ)

ရခိုင်ပြည်နယ် ဝန်ကြီးချူပ်နေရာကို ရတယ်၊ မရဘူးဆိုတာက အဓိက မကျဘူး။ ကျမတို့ရဲ့ တကယ် အဓိကကျတဲ့ အချက်အလက်တွေကတော့ ကျမတို့ မြန်မာနိုင်ငံမှာပေါ့နော် နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအရ ကျမတို့ ပြည်သူလူထုတွေရဲ့ ချွတ်ခြုံကျနေတဲ့ ဘဝတွေ ဘယ်လိုမြင့်တက်လာအောင် လုပ်ပေးနိုင်မလဲ ဆိုတာကပဲ အဓိက ကျလိမ့်မယ်လို့ ကျမ ယူဆတယ်။ ပြည်နယ်ဝန်ကြီးချူပ် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ပါတီကပဲဖြစ်ဖြစ် ဖြစ်လာပါစေ။ ခုလောလောဆယ် ကျမတို့ ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချူပ် ဦးညီပုပေါ့နော်။ အရင်ဦးဆုံး တောင်းဆိုချင်တာကတော့ ကျမတို့ ရခိုင်ပြည်နယ်က သိတဲ့အတိုင်းပဲလေ။ မြန်မာနိုင်ငံထဲမှာဆိုရင် ရခိုင်ပြည်နယ်က တအားလည်းပဲ ချွတ်ခြုံကျနေတယ်။ နောက်ပြီး ပြည်သူလူထုတွေ အားလုံးနီးပါးပဲ ဒုက္ခရောက်နေကြတယ်။ ပြည်ပကို ထွက်ပြီးတော့ အလုပ်လုပ်မှုတွေ မြင့်တက်လာတော့ ပြည်နယ်အတွင်းမှာ လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေကလည်း မြင့်တက်လာတယ်။ ဒီလို ဆုံးရှုံးမှုဒဏ်တွေ အကုန်လုံး အဆုံးသတ်ဖို့ လိုအပ်နေတယ်။ ပြီးရင် တရားဥပဒေစိုးမိုးရေးပေါ့။ ဒါကို ရခိုင်ပြည်နယ်မှာ ဘယ်လောက်ထိ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် လုပ်ဆောင်နိုင်မလဲ ဆိုတာက စပြီး လုပ်စေချင်ပါတယ်။

ဖြိုးသက်ေ၀ (တက်ကြွလှုပ်ရှားသူ)

ကျမတို့ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ကို ရခိုင်အမျိုးသားကပဲ ရစေချင်ပါတယ်။ ရခိုင်အမျိုးသားပါတီက ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD က ပြည်နယ်ဝန်ကြီးချူပ် ဖြစ်လာတယ်ဆိုပေမယ့်လည်း ရခိုင်လူမျိုးဆိုတော့ ဘာပြောပြော သဘောကျပါတယ်။ ဒါပေမယ့် ပြည်နယ်တွင်း မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ ANP က ဆိုရင်တော့ ပိုကောင်းမှာပေါ့။

ဦးကျော်လှအောင် (ရိုဟင်ဂျာအရေးလှုပ်ရှားဆောင်ရွက်သူ/နိုင်ငံရေးအကျဉ်းသားဟောင်း)

ကျနော်တို့ ပြည်နယ်က နစ်နာနေတာ ကြာပြီ။ ဒါကြောင့် စည်းစည်းလုံးလုံးနဲ့ လုပ်စေချင်ပါတယ်။ ဒါမှပဲ ပြည်နယ်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို ဝိုင်းဝန်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အသစ်တက်လာမယ့် ဝန်ကြီးချူပ်အနေနဲ့ အဓိက ဥပဒေစိုးမိုးရေးကို စတင်ဆောင်ရွက်ဖို့ လိုတယ်။ ခွဲခြားဆက်ဆံခြင်း၊ လူမျိုးရေး ခွဲခြားဖိနှိပ်ခြင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဥပဒေအတိုင်းပဲ လုပ်ဆောင်ရမယ်။ ဒါတွေကို မှန်ကန်စွာ လုပ်သွားမယ်ဆိုရင် ပြည်နယ်တိုးတက်ဖို့ လမ်းကြောင်းတွေ အများကြီး ပွင့်လာပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ ခွဲခြားဆက်ဆံမှုတွေကို ယခင် အစိုးရလိုမျိုး ဆက်လက် လုပ်ဆောင်လာမယ်ဆိုရင် ဒီပြည်နယ်ဟာ တိုးတက်ဖို့ လမ်းစ မမြင်ပါဘူး။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘာသာမတူ၊ လူမျိုးမတူသူတွေ အားလုံးက ခွဲခြားမှုမရှိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လမ်းကြောင်းကို ဦးတည်မှသာ ကျနော်တို့ ပြည်နယ် တိုးတက်လာလိမ့်မယ်လို့ ကျနော် ဝန်ကြီးချူပ်သစ်ကို အကြံပြုလိုပါတယ်။

ဦးမောင်မောင် (၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ဆူပူမှု ပဋိပက္ခ တိမ်းရှောင်ဒုက္ခသည်)

ဝန်ကြီးချူပ် ဘယ်သူဆိုတာထက် ဝန်ကြီးချူပ် ဘာတွေလုပ်မယ် ဆိုတဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် ဒီဒေသ ဖွံ့ဖြိုးရေး၊ စီးပွားရေး တစုံတရာ မြင့်တက်လာဖို့အတွက် ဘယ်သူကပဲ ဝန်ကြီးချူပ်ဖြစ်ဖြစ် အဲဒါတွေကို လုပ်ပေးစေချင်ပါတယ်။ ဒါပေမယ့် ခု NLD က ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်မယ်ဆိုတော့ အယင်ကထက် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဇော်ဇော် (ကျောင်းဆရာ - မူဆလင် ဒုက္ခသည်စခန်း/စစ်တွေ)

ဘယ်အစိုးရပဲတက်တက် ဒီဒေသ ဖွံ့ဖြိုးရေးနဲ့ ပညာရေး လွတ်လပ်ဖို့အတွက် လုပ်ပေးမယ်ဆိုရင် အားလုံးကို ကြိုဆိုပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ စပြီးတော့  လက်ရှိအချိန်ထိ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေပါတယ်။ တက္ကသိုလ်တက်ရောက်ခွင့် မရခဲ့ကြပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးရင် နောက်ထပ် အဆင့်မြင့် ပညာရပ်တွေ သင်ဖို့ သူတို့ စိတ်ဝင်စားရာ ဘာသာရပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်နဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ရစေချင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နေ့သင်တက္ကသိုလ် တက်ရောက်ခွင့် လုံး၀ မရခဲ့ပါဘူး။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေကို အဝေးသင်ပညာရပ်နဲ့ပဲ လေ့လာခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့် ဒီအစိုးရလက်ထက်ကနေစပြီး မူဆလင်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြန်လည်ရရှိလာဖို့ တောင်းဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly