၂၀၁၇ မလေးရှားဆီးဂိမ်းတွင် မြန်မာ့ရိုးရာခြင်းလုံး ဆက်လက်ပါ၀င်နိုင်ဖွယ်ရှိ

၂၀၁၇ မလေးရှားဆီးဂိမ်းတွင် မြန်မာ့ရိုးရာခြင်းလုံး ဆက်လက်ပါ၀င်နိုင်ဖွယ်ရှိ
၂၀၁၄ ခုနှစ် နိုဝင်ဘာလက နေပြည်တော်တွင် အာရှဖိတ်ခေါ် ခြင်းခတ်ပြိုင်ပွဲ ကျင်းပခဲ့စဉ်။

ရန်ကုန်၊ ဇူလိုင် ၁။ ။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သော၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ စတင်ကာ မြန်မာ့ရိုးရာခြင်းလုံးကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ပါဝင်လာပြီး လာမည့် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင်လည်း ဆက်လက်ပါဝင်လာနိုင်ဖွယ်ရှိနေသည်။

၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းမှ နိုင်ငံအတွက် ရွှေတံဆိပ် ခြောက်ခုထိ ရယူပေးခဲ့သလို ကျင်းပပြီးစီးခဲ့သော ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် နှစ်ခု ရယူပေးခဲ့သည်။ ' မလေးရှားမှာလည်း ခြင်းလုံး ပါနိုင် အောင် ကြိုးစားနေပါတယ်။ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက အာရှခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တယ်။ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ဥက္ကဋ္ဌကိုယ်တိုင် သွားရောက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။ ပါဖြစ်ဖို့လဲ များတယ်။ ပါနိုင်အောင်လဲ အစွမ်းကုန်လုပ်နေပါတယ်' ဟု မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး-၂ ဦးကိုကိုအောင်က မဇ္ဈိမသို့ ပြောသည်။

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းကို ၂၀၁၃ ဆီးဂိမ်းတွင် စတင်ကာ အာရှနိုင်ငံအပြင် အခြားနိုင်ငံများမှလဲ စိတ်ဝင်စား ခြင်းခံခဲ့ရပြီး နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သော အာရှဖိတ်ခေါ်ခြင်းခတ်ပြိုင်ပွဲတွင်လည်း အာရှနိုင်ငံအများစု ဝင်ရောက် ယှဉ်ပြိုင်ကစားသွားခဲ့သည်။ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအတွက် ရွှေတံဆိပ် နှစ်ခု ရယူပေးခဲ့သော အမျိုးသားလက်ရွေးစင် ခြင်းလုံးကစားသမား ရှစ်ဦးကို ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှ ဂုဏ်ပြုပွဲ ကျင်းပပေးရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required